Wednesday, November 23, 2016

အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ငန်းများအတွက် ပညာပေးအစီအစဉ်ကို မြန်မာပြည်တစ်ဝှမ်းတွင် ဆက်လက်တိုးချဲ့ လုပ်ဆောင်

မကွေး    နိုဝင်ဘာ    ၂၂
 အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ဘဏ္ဍာရေးဆိုင်ရာ ပညာပေး အစီအစဉ်များ မကွေးမြို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့ က မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ပညာပေး အစီအစဉ် အကြိုဆွေးနွေး ပွဲမှ သိရသည်။

အဆိုပါ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ဘဏ္ဍာရေးဆိုင်ရာ ပညာပေး အစီအစဉ်များကို ဗြိတိသျှကောင်စီ၏ ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ် တို့မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ဗြိတိသျှကောင်စီ၏ ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ်တို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ဘဏ္ဍာရေး ဆိုင်ရာ ပညာပေးအစီအစဉ်များ ဆောင်ရွက်လာသည်မှာ (၂၀၁၄)ခုနှစ် က တိုင် ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံရှိ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ ကျိုင်းတုံနှင့် ပခုက္ကူမြို့ကြီးများရှိ အသေးစား အလတ်စား လုပ်ငန်းပေါင်း (၇၄၅)ခုအား အစီအစဉ်ကို သင်ကြားပိုချပေးခဲ့ပြီး ဖြစ်ပါတယ်ဟု Standard Chartered မှ တာဝန်ရှိသူက ပြောသည်။
ယင်းဗြိတိသျှကောင်စီ၏ ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ် တို့မှ ပူးပေါင်း ဆောင်ရွက်သော မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကို ဘဏ္ဍာရေးဆိုင်ရာ ပညာပေးအစီအစဉ်များဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ဦးဆောင်သူများအား မိမိတာဝန်ယူ ဦးဆောင်နေသော ကုမ္ပဏီ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးနှင့် စီးပွားရေးအသိပညာဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာနားလည် တက်ကျွမ်းစေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
မကွေးမြို့ တွင်လည်း ဗြိတိသျှကောင်စီ၏ ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ် တို့မှ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၂)လပိုင်းတွင် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကို ဘဏ္ဍာရေးဆိုင်ရာ ပညာပေး အစီအစဉ်များ(၃)ရက်ကြာ သင်တန်း ပေးသွားမည်ဟု သိရသည်။
ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ပညာပေးအစီအစဉ် အကြိုဆွေးနွေးပွဲတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားခြင်း၊ အသေးစားအလက်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်း မှ ၎င်းတို့ဌာနအနေဖြင့် အသေးစားအလက်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းခြင်း၊ ဗြတိသျှကောင်စီမှ တာဝန်ရှိသူ ဒေါ်မီမီစိုးဝင်းမှ ဗြိတိသျှကောင်စီမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်မိတ်ဆက်ခြင်း၊ Standard Chartered တာဝန်ရှိသူ ဒေါ်အိမွန်သိန်း မှ Standard Chartered ဘဏ်မှ မြန်မာနိုင်ငံရှိလုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဆက်ခြင်း၊ UMFCC မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လူမှုအကျိုးပြု စီးပွားရေး အကြောင်းမိတ်ဆက်ခြင်း၊ (Education For Entrepreneurs) သင်တန်း Video ပြသခြင်း၊ (Education For Entrepreneurs)မှသင်တန်းဆရာ ဦးမင်းဟန်းထွန်း မှ ဘဏ္ဍာရေးဆိုင်ရာ ပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည့် မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဌာနဆိုင်ရာ အကြီးအကဲများ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စီးပွားရေး လုပ်ငန်းရှင်းများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment