Friday, November 25, 2016

ရန်ကုန်မြို့ ဒဂုံတောင်မြို့နယ်တွင် အချိုရည်ပုလင်းဖြင့် ပြုလုပ်သော အသေးစား ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်မြို့  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးတွင် ယနေ့ မွန်း လွဲပိုင်းက  ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာ ရမှုမရှိကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ဒဂုံမြို့နယ်(တောင်ပိုင်း)မြို့နယ် (၆၄)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးအတွင်း ရုံးအနောက်ဘက်ရှိ သန့်စင်ခန်း အိမ်သာအတွင်း ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က (၂) မိနစ်ခြား (၃) ကြိမ်နှင့် သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံးတွင် (၁)ကြိမ်    စုစုပေါင်း ၄ ကြိမ် အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ထိခိုက် သေဆုံး  ဒဏ်ရာ ရမှုမရှိကြောင်း သိရ သည်။
“ပေါက်ကွဲတဲ့ အသံတော့ကြားတယ်။ ဒါပေမယ့် ဒီနေရာကစက်မှုဇုံဆိုတော့ ပစ္စည်းတွေ အတင်အချ လုပ်နေ ရင်းနဲ့ အသံထွက်တယ်လို့ပဲထင် နေတာ။ ပြီးမှပေါက်ကွဲမှုဖြစ်တယ် ဆိုတာသိရတယ်။ သုံးကြိမ်လောက် ပေါက် ကွဲတဲ့ အသံတော့ ကြားမိတယ်။ အသံကတော့ သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ နာရီဝက် လောက်ကြာ ပြီးမှ ပေါက်တဲ့ အသံကတော့ နည်းနည်းပိုကျယ်ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ သက်ဆိုင်ရာ တာဝန် ရှိသူတွေ ရောက်လာပြီးရှာဖွေမှုတွေ လုပ်နေတာတွေ့ ရတယ်။ ကျွန်တော်တို့ကိုလည်း ဝေးဝေးမှာ ရှောင်နေဖို့ သတိပေးတယ်။ သူတို့ရှာနေ တုန်းမှာပဲ နောက်တစ်ကြိမ်ပေါက်ကွဲတဲ့ အသံကြားလိုက်ရသေးတယ်” ဟု အဆိုပါ ရုံး၏ အောက်ထပ်ရှိ မော်တာနှင့်လျှပ်စစ်ပစ္စည်းဆိုင်မှ ဆိုင်ရှင် ဦးမောင်ဦး က သူ၏ အတွေ့ အကြုံကို ပြောသည်။
ဖြစ်စဉ် ဖြစ်ပွားရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ နယ်မြေခံ စစ်ပြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းစစ်ဆေးစဉ် ၎င်းနေရာအနီး၌ M-150 အချိုရည် ပုလင်းဖြင့် ပြုလုပ်ထားသည့် မိုင်းတစ်လုံးအား ရှာဖွေတွေ့ရှိသဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“အားလုံးပေါင်း အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ၁ နာရီမိနစ် ၂၀ နဲ့  ၄၀ မိနစ် အကြားမှာ လောက်မှာ ဖြစ်သွားတာပါ။ အချိုရည်ပုလင်းကနေ တစ်ဆင့် ပေါက်ကွဲမှုဖြစ်တာပါ။ အဲဒီနောက်ပိုင်းမှာတော့ သက်ဆိုင်ရာ ကရှာဖွေမှုတွေ လုပ်တဲ့ အခါမှာ မပေါက်ကွဲသေးတဲ့ အချိုရည်ပုလင်းတစ်လုံးထပ်တွေ့လို့ ဖောက်ခွဲ ဖျက်စီး လိုက်ရပါတယ်”ဟု အဆိုပါဖြစ်ပွားမှုကို လာရောက်စစ်ဆေးနေသည့် နယ်မြေခံ ရဲအရာရှိတစ်ဦး ကပြော သည်။
 ယင်းပေါက်ကွဲမှုဖြစ်စဉ်သည် နိုဝင်ဘာ ၁၈ ရက် ညပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ Ocean Center တွင် ပေါက်ကွဲ ခဲ့သည့် အသေးစား ပေါက်ကွဲမှု(၃)ကြိမ်နှင့် နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင်း သာကေတမြို့နယ် Capital Hypermarket ၌ ဖြစ်ပွားခဲ့သည့်   ပေါက်ကွဲမှု(၄)ကြိမ်တို့နှင့် ဖြစ်စဉ်တူညီမှုရှိကြောင်း ကနဦး သိရှိရသဖြင့် ပြစ်မှုကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိ သည်။ 
 (သတင်းစဉ်)                   

No comments:

Post a Comment