Friday, November 25, 2016

(၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ


ရန်ကုန်-နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၉၆)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်း အနားကို ယနေ့ညနေ(၄)နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ဥယျာဉ်၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် အခမ်းအနားမှူးက အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာ များ လက်ခံရရှိကြောင်း ကြေညာပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ယင်းနောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အမျိုးသား အောင်ပွဲနေ့ အကြောင်းကိုလည်းကောင်း၊ စာရေးဆရာ ကိုလေး(အင်းဝဂုဏ်ရည်)မှ အမျိုးသားနေ့ အကြောင်းကို လည်းကောင်း အသီးသီးဟောပြောကြပြီး ရုပ်ရှင်သဘင်၊ ဂီတ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊   အရပ် ဘက်အဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာဒါနကျောင်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment