Thursday, November 17, 2016

ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် ပကတိအခြေအနေမှန်နှင့် ကိုက်ညီသည့်စနစ်ကို ကျင့်သုံးမှသာ အောင်မြင် မှုရနိုင်မည်


နေပြည်တော် နိုဝင်ဘာ ၁၆
ဖက်ဒရယ်၏ သဘောလက္ခဏာများကို လေ့လာသိရှိရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်ဟူသည့် ဝေါဟာရကို တရားဝင်လက်ခံသုံးစွဲ လာကြပြီ ဖြစ်သည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ဆို
သည့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကို ကြားနေရပြီး ထောက်ခံဖော်ပြသည့် ဆိုင်းဘုတ်များကိုလည်း အချက်အချာကျ သည့် နေရာများ၌ မြင်တွေ့နေရပြီဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။
နေပြည်တော်ရှိ Royal President Hotel ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စု ဝန်ကြီးက ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြောင်း၊ ရလဒ်ပိုင်းတွင်လည်း ကွဲပြားခြားနားမှုများရှိသည်ကို လေ့လာတွေ့ ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ပကတိအခြေအနေမှန်နှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှသာ အောင်မြင်မှုကို ရနိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုင်ရာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်လိုကြောင်း၊ ဒီဆွေးနွေးပွဲမှ ရရှိသည့် အတွေ့အကြုံများကို လက်ဆင့်ကမ်းနိုင်မည်၊ ဆက်လက်လေ့လာနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့နောက် The Euro-Burma Office (EBO) Myanmar မှ Executive Director ဦးဟန်ယောင်ဟွေ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဌာန မြန်မာပိုင်းအစီအစဉ်မှ မစ္စတာ စတီဖန်ဆန် ဒီဖော့ဒ်နှင့် Forum of Federation မှ Program Director မစ္စတာ ဖီးလစ်ကွန်ပလင့်တို့က နှုတ်ခွန်း ဆက်စကားများ ပြောကြားကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးများ၊ နိုင်ငံတကာပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဖက်ဒရယ်စနစ်မိတ်ဆက် ဆွေးနွေးခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မတူကွဲပြားခြင်း၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေကျင့်သုံးခြင်း၊ သယံဇာတခွဲဝေခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာအစီအမံများနှင့် ဖက်ဒရယ်စနစ်တွင် လူနည်းစုအခွင့်အရေးများကို ကာကွယ်ပေးခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာပိုင်းအစီအစဉ်မှ မစ္စတာ စတီဖန်ဆန် ဒီဖော့ဒ် က ''ကနေဒါနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံတွေကိုသာမက အိန္ဒိယ၊ ဂျာမနီစတဲ့ နိုင်ငံတကာရဲ့ ဖက်ဒရယ်စနစ် အတွေ့အကြုံတွေကိုပါ မျှဝေပေးနိုင်မှာဖြစ်လို့ ဝမ်းသာရပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ အကြောင်းအရာ အမျိုးမျိုးကို လေ့လာဆွေးနွေးကြမှာဖြစ်ပါတယ်။ ဖက်ဒရယ် စနစ်ကို တည်ဆောက်တဲ့အခါ တည်ဆောက်မယ့်နိုင်ငံရဲ့ သမိုင်းကြောင်းအစဉ်အလာနဲ့ ပကတိအနေအထားအပေါ် မူတည်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ကြရမယ်ဆိုတာ အလေးအနက်ပြောကြား လိုပါတယ်။ ကနေဒါနိုင်ငံအပါအဝင် ဖက်ဒရယ်နိုင်ငံတွေရဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးအတွေ့အကြုံတွေအရ အမြော် အမြင်ရှိပြီး ကျွမ်းကျင်တဲ့နိုင်ငံရေးခေါင်းဆောင် လိုအပ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အချင်းချင်းကြားမှာလည်း စေ့စပ်ပြေငြိမ်းနိုင်ဖို့ လိုပါတယ်။ နောက်ပြီး အားလုံးသဘောတူတဲ့ ဘုံသဘောတူညီချက်တစ်ရပ်ရှိဖို့ လိုအပ်တယ် စတဲ့ လိုအပ်ချက်တွေရှိပါတယ်။ နားလည်မှု ဆိုတဲ့ အခြေခံတွေအပေါ် ဖက်ဒရယ်စနစ်ကို တည်ဆောက် မယ်ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသာမက နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးအရ ချမ်းသာကြွယ်ဝမှုကို ရရှိလာပါလိမ့်မယ်ဟု'' ၎င်း၏အမြင်ကို ပြောကြားသည်။
အလားတူ The Euro-Burma Office (EBO) Myanmar မှ Executive Director ဦးဟန်ယောင်ဟွေက ''တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကျွန်တော်တို့ကို ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တဲ့ အတွက် Forum of Federation အဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာပညာရှင်တွေနဲ့အတူ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်စနစ်တည်ဆောက်ရေးမှာ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးနိုင်ဖို့နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအနေနဲ့ ဖက်ဒရယ်စနစ်ကို ပိုပြီးနားလည်အောင် ဒီပွဲကို ကျင်းပတာဖြစ်ပါတယ်။ လူတိုင်းက ဖက်ဒရယ်ကို လိုလားပေမယ့် ဖက်ဒရယ်ဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘူး။ အချို့သူ တွေရဲ့ ထင်မြင်တာတွေဟာ တလွဲစီဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ ဖက်ဒရယ်စနစ်ကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးအဆင့်တွေသာမက ပြည်သူတွေလည်း သိဖို့လိုပါတယ်။ ဖက်ဒရယ်စနစ်ကိုနားလည်မှ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဖက်ဒရယ်ဆိုတာ အစိုးရအုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်တယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီတွဲဖို့လိုအပ်ပါတယ်''ဟု ဖက်ဒရယ်စနစ်နှင့် စပ်လျဉ်းသည့် ၎င်း၏သဘောထားကို ပြောသည်။
ထို့အတူ Forum of Federation မှ Program Director မစ္စတာ ဖီးလစ်ကွန်ပလင့်က ''ဖက်ဒရယ်စနစ်ဆိုတာ စည်းလုံးညီညွတ်မှု၊ စီးပွားရေးတိုးတက်မှု၊ အချင်းချင်းနားလည်မှုနဲ့ ငြိမ်းချမ်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ ကနေဒါနိုင်ငံမှာ အခြေစိုက်ပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ဖက်ဒရယ်နိုင်ငံ (၁ဝ) နိုင်ငံက စေလွှတ်ထားတဲ့ ဘုတ်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရတဲ့အချိန်အတွင်းမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်''ဟု ဖက်ဒရယ်စနစ်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်းသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ''The Euro-Burma Office (EBO) Myanmar နဲ့ Forum of Federation မှ ပညာရှင်တွေက ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုတော့ ဖက်ဒရယ် စနစ်နဲ့ပတ်သက်ပြီး သိရှိနားလည်နိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်တဲ့အခါ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ်တွေနဲ့ ပတ်သက်လို့လည်း နားလည်ဖို့ လိုအပ်ပါတယ်''ဟု ပြောကြားသည်။
မင်းမင်းဇော် (ကလေး)

No comments:

Post a Comment