Thursday, November 17, 2016

အစိုးရဝယ်ယူရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုရှိ၍ တရားမျှတလျက် အဂတိ ကင်းစင်ရန်လိုအပ်


နေပြည်တော် နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံသည် ပြည်သူဗဟိုပြုစီးပွားရေးစနစ်ကို ကျင့်သုံး လျက်ရှိပြီး ထိရောက်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဖော်ဆောင် ချက်အရ အစိုးရဝယ်ယူရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက် ၉
နာရီက နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသည့် အာဆီယံအစိုးရဝယ်ယူရေးဆိုင်ရာ အသိပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ယေဘုယျအားဖြင့် အစိုးရဝယ်ယူရေးသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး မှုနှုန်း(ဂျီဒီပီ)၏ ၁ဝ ရာခိုင်နှုန်း-၂ဝရာခိုင်နှုန်း ပမာဏခန့် တန်ဖိုးရှိသဖြင့် အစိုးရဝယ်ယူရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုရှိ၍ တရားမျှတလျက် အဂတိ ကင်းစင် ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် အစိုးရဝယ်ယူရေး၌ ၂ဝ၁၁ ခုနှစ်မှ စတင်ကာ အိတ်ဖွင့်တင်ဒါစနစ်ကို ကျင့်သုံး ခဲ့ရာ ပွင့်လင်းသော ယှဉ်ပြိုင်မှုဖြစ်ပေါ်လာခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၃ခုနှစ်တွင် ဝန်ကြီးဌာန အသီးသီး၏ အစိုးရဝယ်ယူရေးလုပ်ငန်းများ တစ်ပြေးညီ ဖြစ်စေရန် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ကြောင်း။
ယခုအခါ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ အစိုးရ ဝယ်ယူရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အစိုးရဝယ်ယူရေး ဥပဒေတစ်ရပ်ရေးဆွဲရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲမှ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံအချို့၌ အစိုးရဝယ်ယူရေးဥပဒေနှင့် ညွှန်ကြားချက်များ ရေးဆွဲ၍ မည်သို့ကြိုးပမ်းဆောင်ရွက်ကြသည်ကို လည်းကောင်း၊ အစိုးရဝယ်ယူရေးနှင့် ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်များ ဆက်နွှယ်ပုံကိုလည်းကောင်း လေ့လာနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ အစိုးရဝယ်ယူရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံကိုယ်စားလှယ် Mr.Abudalaye Seck က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကမ္ဘာ့ဘဏ်မှ အာဆီယံနိုင်ငံများမှ အစိုးရဝယ်ယူရေးဆိုင်ရာ အရာထမ်းများကို ယခုကဲ့သို့ မြန်မာနိုင်ငံ၏ အစိုးရဝယ်ယူရေး အသိပညာ နှီးနှော ဖလှယ်ပွဲ၌ တွေ့ရသဖြင့် ဝမ်းသာမိကြောင်း၊ အစိုးရ ဝယ်ယူ ရေးဆိုင်ရာ အရာထမ်းများကို ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အသိပညာမျှဝေရန်၊ ဒေသအတွင်း အစိုးရပစ္စည်းဝယ်ယူရေးကိစ္စများ ညီညွတ်မှုရှိစေရန်နှင့် အစိုးရဝယ်ယူရေးကို အသက်မွေးပညာရပ်တစ်ခုအဖြစ် ခံယူလာစေရန်အတွက် ဆောင်ရွက်နိုင်မည်ဟု ရည်ရွယ်ပါ ကြောင်းနှင့် မြန်မာနိုင်ငံသည် အစိုးရဝယ်ယူရေးစနစ် ထူထောင်ရာတွင် ယခုနှီးနှောဖလှယ်ပွဲမှများစွာအထောက် အကူရရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ဖိုရမ်ကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment