Wednesday, November 2, 2016

ကနီမြို့နယ်အတွင်းရှိ ပျားပုံးများ နိုဝင်ဘာလလယ်တွင် အပြီးထွက်ခွာရမည်

မုံရွာ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း ယခုလက်ရှိလုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းရှင်များ၏ ပျားပုံးများအား နိုဝင်ဘာလ(၁၅)ရက်နေ့အပြီး ထွက်ခွာပေးရန်နှင့် ကလေး ဒေသနှင့် ကသာဒေသများသို့ ထွက်ခွာမည့် လုပ်ငန်းရှင်များအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ကောင်းမွန်သည် အထိ စောင့်ဆိုင်းလိုပါက တိုင်းဒေသကြီးပျားလုပ်ငန်းဦးစီးဌာနမှတဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ထပ်မံတင်ပြ ခွင့်ပြုချက်ယူရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသဘောတူညီမှုကို အောက်တိုဘာလ(၃၁)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် ကနီမြို့နယ် ချောင်းမ ကျေးရွာရှိ မြို့နယ်ပျားလုပ်ငန်းဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ပျားလုပ်ငန်း)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စံထွေးနှင့် ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တွေ့ဆုံပွဲတွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ဝင်ရောက်ဖျန်ဖြေပေးမှုနဲ့ နိုဝင်ဘာလ(၁၅)ရက်နေ့ ထွက်ခွာဖို့ သဘောတူညီမှု ရခဲ့တာပါ၊ အခုအခြေအနေက ဒီဒေသမှာ ပျားလုပ်ငန်း ရာသီကလည်း ပြီးသလောက်ရှိနေပါပြီ၊ ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းမှုကြောင့် ပျားပုံးတွေ ရွေ့ပြောင်းမှု အခက်အခဲရှိလို့ ကြန့်ကြာနေတာပါ၊ ထက်ဝက်လောက်ကတော့ ရွှေ့ပြောင်း ပြီးပါပြီ၊ ကလေးနဲ့ ကသာ ဒေသတွေကို ရွှေ့ပြောင်းကြမဲ့ သူတွေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြာနေတာပါ၊ အခုက သတ်မှတ်ရက်အတွင်းမှာ အပြီး ရွှေ့ပြောင်းကြဖို့အတွက်ရယ်၊ သွားလာရေး အခက်အခဲရှိတဲ့ ဒေသတွေ အတွက် သွားလာမှု အဆင်ပြေတဲ့အထိ စောင့်ဆိုင်းနိုင်ဖို့အတွက်ကိုလည်း သက်ဆိုင်ရာကို တင်ပြပြီး စောင့်ဆိုင်းခွင့် ရရှိဖို့ကိုလည်း သဘောတူညီမှုရခဲ့ပါပြီ''ဟု တိုင်းဒေသကြီး ပျားမွေးမြူရေးလုပ်ငန်းရှင် အသင်းဥက္ကဌ ဦးတင်မောင်ဝင်းက ပြောသည်။
ကနီမြို့နယ်အတွင်း လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းရှင်များ၏ ပျားပုံးများအား ဒေသခံတောင်သူများ၏ ကန့်ကွက်မှုကြောင့် အောက်တိုဘာလ (၂၅)ရက်နေ့တွင် အပြီးရွှေ့ပြောင်းကြရန် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၏ လက်မှတ်ဖြင့် အမိန့်စာထုတ်ပြန်ထားခဲ့သော် လည်း အဆိုပါရက်များတွင် ရာသီဥတုဖောက်ပြန်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ရွှေ့ပြောင်းရန် အခက်အခဲ ရှိခြင်းနှင့် ရွှေ့ပြောင်းမည့် ဒေသအချို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိခြင်းကြောင့် ပျားပုံးများ ဆက်လက် ကျန်ရှိခြင်းကို ဒေသခံတောင်သူများ၏ ထပ်မံကန့်ကွက်မှုများ ရှိသဖြင့် တာဝန်ရှိသူများမှ ထပ်မံ ညှိနှိုင်းပေးရာ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးရဲ့ လက်မှတ်နဲ့ ထုတ်ထားတဲ့ အမိန့်စာမှာပါတဲ့ သတ်မှတ်ရက်မှာ ထွက်ခွာခြင်း မရှိလို့ ပြောတာပါ၊ အခုနောက်ဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှာ အပြီးထွက်ခွာရမယ်လို့ ထပ်ပြီး ပြောပါတယ်၊ အခြေအနေကို စောင့်ကြည့်မှာပါ၊ တိုင်းဒေသကြီးဝန်ကြီး၊ ပျားလုပ်ငန်း ဒုညွှန်ချုပ်နဲ့ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေဝင်ရောက်ပြီး ညှိနှိုင်းပေးတဲ့အတွက် သဘောတူညီမှုရခဲ့ပါတယ်''ဟု သမင်ခြံ ကျေးရွာမှ ဆီးသီးစိုက်ပျိုးရေး တောင်သူ တစ်ဦးက ပြောသည်။
၂ဝ၁၆ ခုနှစ် ပျားမွေးမြူရေးလုပ်ငန်းရာသီတွင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၉)စု၌ ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းရှင် (၃၁၆)ဦးမှ ပျားပုံး (၇၉၅၈၉)ဖြင့် ချထားပြီး ပျားရည်ထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့ရာတွင် ဒေသခံတောင်သူများမှ သီးနှံထွက်ရှိမှု လျော့ကျသည်ဟူသော အကြောင်းပြချက်ဖြင့် စိုက်ခင်းများတွင် ပျားပုံးများချထားခြင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာ (ပြန်/ဆက်)

No comments:

Post a Comment