Wednesday, November 2, 2016

မြန်မာ-ကိုရီးယားရင်းနှီးမြှုပ်နှံမှု ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် နိုဝင်ဘာ ၂

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ Sedona Hotel ၌ ကိုးရီးယားနိုင်ငံမှ Financial Supervisory Service of Korea ဥက္ကဋ္ဌ  Mr.ZinWoong-Seob၊ Shin Han Bank ဥက္ကဋ္ဌ  Mr.Cho Yong-Byoung နှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၍ ဘဏ်လုပ်ငန်းကဏ္ဍများ ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးစဉ် Shin Han Bank ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြုနိုင်ရေး၊ ထို့ပြင် မိမိတို့၏ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု တစ်ခုတည်းသာမဟုတ်ဘဲ အခြားစီးပွားရေးကဏ္ဍများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်းများ နှစ်နိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ ကုန် သွယ်မှုဆိုင်ရာဆောင်ရွက်မှုများ၊ အာရှဒေသတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ အာရှ ငွေကြေးကဏ္ဍတွင် အောင်မြင်မှုရှိနိုင် စေရန်များစသည့် ကဏ္ဍအသီးသီး၌ ပါဝင်၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ယခုလို လာရောက်ရင်းနှီးမြှုပ်နှံသည့် အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း ကိုရီးယားနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည် ရင်းနှီးမှုကို အလေးထား၍ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုရီးယား နိုင်ငံမှ ကိုယ်စားလှယ်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

No comments:

Post a Comment