Sunday, November 20, 2016

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့



မောင်တော နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် ဆောင်ရွက် လျက်ရှိသကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရဖွဲ့တို့မှလည်း စားနပ်ရိက္ခာများ ပို့ဆောင်ထောက်ပံ့လျက်ရှိသည်။




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်း တွင် မောင်တောမြို့နယ် တောင်ဘက်ပိုင်းရှိ ပန်းတောပြင်၊ ရွာသစ်ကေ၊ တပ်ဦး ချောင်း၊ ဂေါ်ဒူသာရ၊ ဥဒေါင်းကျေးရွာများသို့ သွားရောက်၍ ဒေသခံ လူထုနှင့် တွေ့ဆုံ ကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ငါးခြောက်စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ်သည်။
ယင်းသို့ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေရေးထိုင်ရေး၊ ကျန်းမာရေးစသည့် အခက်အခဲများကို မေးမြန်းရာ လုံခြံရေးအခြေအနေကြောင့် သွားရေးလာရေးအတွက်သာ အခက်အခဲရှိပြီး ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲမရှိကြကြောင်း ဒေသခံများက ပြန်လည် ပြောကြားကြသည်။ ဂေါ်ဒူသာရ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်က "တိုင်းရင်းသား ကျေးရွာတွေမှာတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။ အခြားရွာတွေမှာတော့ ပြန်ဖွင့်တာ မတွေ့ရသေးပါဘူး" ဟု ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ သ္ပွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများကို အားပေးနှုတ်ဆက် ကြသည်။ ယင်းနောက် မောင်တောမြို့နယ် မြောက်ဘက်ပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ဖြစ်သည့် အောင်ဇေယျ၊ အောင်သာယာနှင့် အောင်မင်္ဂလာကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ စားနပ် ရိက္ခာများ ထောက်ပံ့ပေးအပ်မှုနှင့်အတူ ကလေးငယ်များအတွက်လည်း ကစားစရာ အရုပ်များ ပေးအပ်ကြသည်။
အောင်မင်္ဂလာကျေးရွာမှ ရွာသားတစ်ဦးက "ရွာလုံခြုံရေးအတွက် ညဘက်မှာ ကင်းစောင့်တာဝန်ချထားတွေ လုပ်ဆောင်နေရပါတယ်။ စာသင်ကျောင်းတွေ လည်း ပြန်ဖွင့်နေပါပြီ။ ဒါပေမယ့် နယ်ဝေးကဆရာ ဆရာမတွေကတော့ ပြန်မရောက်ကြသေး ပါဘူး။ ပညာရေးအတွက် ဆရာအင်အား နည်းပါတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ၀န်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကလေးငယ်များအတွက် မုန့်နှင့်အရုပ်များ ပေးအပ်ခဲ့သည်။
''ကျွန်တော်တို့ ဒီကနေ့မနက် မောင်တောမြို့နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တဲ့နေရာတွေကို သွားခဲ့ပါတယ်။ တိုင်းရင်းသားကျေးရွာ လေးရွာနဲ့ အခြားရွာ လေးရွာကို သွားခဲ့ပါတယ်။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် သွားလာ ရေးခက်ခဲနေတဲ့ ဒေသခံတွေဆီကို အဓိကလိုအပ်နေတဲ့ ဆန်၊ ဆီ၊ ပဲ စတဲ့ စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ခဲ့တာပါ။ ရောက်ခဲ့တဲ့ ရွာရှစ်ရွာစလုံးမှာ ငါးနှစ်အောက် ကလေး ငယ်တွေအားလုံးက ကျန်းမာရေး ကောင်းမွန်နေကြတာကို တွေ့ရပါတယ်။ ကောလာဟလ ပြောနေကြသလို ကလေးငယ်တွေ အာဟာရ ချို့တဲ့နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး" ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက သတင်းမီဒီယာများ အား ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment