Monday, November 21, 2016

သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒွါဒသမ အစည်းအဝေး ပထမနေ့ ကျင်းပ


ရန်ကုန် နိုဝင်ဘာ ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ ဒွါဒသမ အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မ သဘင်၌ ကျင်းပသည်။


အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေး ဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။

အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က တင်သွင်း လျှောက်ထားသည်။

ထို့နောက် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) ၏ စတုတ္ထ အကြိမ်တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ အကျဉ်းကို အဖွဲ့ဝင် ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်း လျှောက်ထားကြသည်။

ယင်းနောက် ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ သာသနာ့ရေးရာကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများကို တင်ပြ လျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်များက ဝေဖန်ဆွေးနွေး တော်မူကြပြီး  အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။

အဆိုပါ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံ ဒွါဒသမအစည်း အဝေးဒုတိယနေ့ကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များအား (ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး)-ဒေါ်ခင်သန်းနွဲ့၊ (ဗိုလ်ချုပ်ကြီးစိုးဝင်း)- ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း)-ဒေါ်မာလာတင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး(ငြိမ်း)-ဒေါ်ခင်နှင်းဝေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း (ငြိမ်း)-(ဒေါ်စန်းရီ)၊ (ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို)-ဒေါ်ခင်လေးမြင့်၊ ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)-ဒေါ်နန်းခင်လှဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)-ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုများက တစ်နေ့တာဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။


(သတင်းစဉ်)

No comments:

Post a Comment