Monday, November 21, 2016

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်းပြားတပ်နယ်၊ မြောက်ဦးတပ်နယ်နှင့် ရသေ့တောင် တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား



နေပြည်တော် နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် အတူ ယနေ့တွင် မင်းပြားတပ်နယ်၊ မြောက်ဦး တပ်နယ်နှင့် ရသေ့တောင်တပ်နယ် တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား သက်ဆိုင်ရာ တပ်နယ်ခန်းမများ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။


တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စည်းကမ်းသည် တပ်မတော်၏ အသက်ခန္ဓာ ဖြစ်သဖြင့် အရာရှိစစ်သည်များ၊ တပ်မိသားစုဝင်များသည် တပ်မတော်မှ ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း စည်းကမ်း လိုက်နာခြင်းမှသည် တပ်ဖွဲ့အလိုက် ၎င်းမှ တပ်ရင်းအလိုက်၊ တပ်နယ်အလိုက် လိုက်နာ ဆောင်ရွက်သွားပါက ခိုင်မာသော တပ်တွင်းစည်းလုံးမှု ရရှိမည်ဖြစ်သကဲ့သို့ တပ်ပြင် စည်းရုံးမှုပါ ရရှိမည်ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများ၏ ကိုယ်ရောစိတ်ပါ တပ်မတော်အပေါ် အားကိုး ယုံကြည်မှု ရှိချိန်တွင် တန်ဖိုးမဲ့မဖြစ်စေရေး တပ်ပြင်စည်းရုံးရေး ထိခိုက်စေမည့် အပြုအမူမျိုးကို လည်း အထူးရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မင်းပြားတပ်နယ်၊ မြောက်ဦး တပ်နယ်နှင့် ရသေ့တောင် တပ်နယ်တို့မှ အရာရှိစစ်သည် မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက အရာရှိ၊ စစ်သည် မိသားစုများအတွက် အားကစားပစ္စည်းများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များ ပေးအပ်သည်။

တွေ့ဆုံပွဲများ အပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့် တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များဖြင့် အမှတ်(၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ  အလယ် သံကျော်သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများက နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ   ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အလယ်သံကျော်နှင့် ပင်လယ် ကမ်းခြေဒေသ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းနှင့် ရည်မှန်းချက်တာဝန်များ ချမှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရှိသည်။


(မြ၀တီ)

No comments:

Post a Comment