Wednesday, November 2, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် နိုဝင်ဘာ  

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ မြင့်မားလာရေးအတွက် မြန်မာနိုင်ငံ၏ ပထ၀ီ နိုင်ငံ ရေး အချက်အခြာကျမှုကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ရန် အထူးအရေး ကြီးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။


ဆက်လက်၍ ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုးနှင့် ကုန် သွယ်မှုအချိုး၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအပေါ်မှီခိုမှု (Trade Dependency)သည် ၃၀ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ ကြီးကို ပိုမိုကောင်းမွန်သည့် နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန်ရည်ရွယ်ပြီး ရေရှည်တည် တံ့သည့် ဖွံ့ဖြိုးမှုပန်းတိုင်များကို ချမှတ်ထားပါကြောင်း၊ ယင်းပန်းတိုင်များထဲတွင် လူတိုင်း အတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိစေပြီး အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွားရေးတိုးတက်မှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သည့် စားသုံးမှု၊ ထုတ်လုပ်မှုပုံစံများ အခိုင်အမာ ပေါ်ပေါက်လာရေး ဆိုသည့် ပန်းတိုင်၂ ရပ် ပါဝင်ပါကြောင်း၊ ယင်းကိစ္စများ ပြည့်ဝရန်အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍများသည် အဓိက ကျနေပြီး ကမ္ဘာ့ဈေးကွက်၊ ကမ္ဘာ့စီးပွားရေးနှင့် မည်မျှအထိ လျင်လျင်မြန်မြန် ပေါင်းစည်း နိုင်မည်ဆိုသည့် အချက်အပေါ်တွင် မူတည်နေကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်ပြီး ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (Diagnostic Trade Integration Study – DTIS)ကို ပြုစုခဲ့ပါကြောင်း၊ ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် DTIS အစီရင်ခံစာပါ Actions Matrix များ အပါအ၀င် အခြားဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများက ပြုစုထားသည့် အစီရင်ခံစာပါ Actions Matrix များစုပေါင်း၍ Medium Term Plan ရေးဆွဲပြုစု ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယသမ္မတက ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ကမ္ဘာ့ ဘဏ်က ၂ ဒသမ ၉ ရာခိုင်နှုန်း ကနဦးခန့်မှန်းထားခဲ့ရာမှ ယခုနောက်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေး လာခြင်း၊ ကုန်စည်ဈေးနှုန်းများ ကျဆင်းလာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအား ပျော့လာခြင်း၊ အရင်းအနှီး စီးဆင်းမှုနှေးကွေးသွားခြင်းစသည့် အကြောင်းများကြောင့် ဖြစ်ပါကြောင်း၊ ထွန်းသစ်စ ဈေးကွက်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်တင်ပို့မှုများသည် လည်း အဓိကကုန်စည်များနှင့် ရေနံဈေးနှုန်း ကျဆင်းလာမှုကြောင့် ရုန်းကန်နေရသည့် အနေအထားသို့ ရောက်ရှိခဲ့ရပါကြောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အာရှ ဒေသတွင် စီးပွားရေး အင်အားကြီးနိုင်ငံများ၏ စီးပွားရေးများသည်လည်း နှေးကွေးလာပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် ပေါင်းစည်းမှု အလျင် အမြန် မြင့်မားလာရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန် အရေးကြီး ပါကြောင်း။

မြန်မာနိုင်ငံ အနေဖြင့်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရမည့် မူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူဝါဒများချမှတ်သည့်အခါ ရေရှည် ကာလအတွက်ပါ စဉ်းစားဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားထားနေရသည့်အတွက် စီးပွားရေး မူဝါဒတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ခေတ်မီအောင် ဆောင်ရွက်ရန်ဆိုသည့် အချက် ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကြီးတွင် စားနပ်ရိက္ခာဖူလုံရေးသည်  အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် လယ်ယာကဏ္ဍသည် တစ်နှစ် ထက်တစ်နှစ် မလွဲမသွေ ပိုမိုအရေးကြီးလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ကုန်သွယ်မှုအခြေအနေသည် တိုက်ရိုက် ဆက်စပ်နေပါကြောင်း၊ ကုန်သွယ်မှုအခြေအနေကောင်းမွန်ရန် ကုန်သွယ်ရေးမူဘောင်နှင့် အင်စတီကျူးရှင်းများ၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးကော်ရစ်ဒါကြီးများ၊ ကုန်စည်ဆိုင်ရာ အရည်အသွေးနှင့် စံချိန်စံညွှန်းသတ်မှတ်မှုများ၊ မလိုအပ်သည့် အပိုကုန် ကျမှုများကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မည့် ကုန်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများ အထူးပင်လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုလိုငွေပြခြင်းသည် ပို့ကုန်မြှင့်တင်ရေးကို တွန်း အားပေးလုပ် ဆောင်ကြရမည်ဆိုသည်ကို သတိပေးနေခြင်းပင်ဖြစ်ပါကြောင်း၊  ကုန်သွယ် မှု လိုငွေပြနေခြင်းသည် ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု မြင့်တက်မှုကို တစ်ဖက် တစ်လမ်းက  သက်ရောက်မှုရှိသကဲ့သို့ သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးတန်ဖိုးကို ကြီးကြီး မားမား ထိခိုက်မှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အတူ ပို့ကုန်မြှင့်တင်ရေးကိုပါ အလေးပေးဆောင်ရွက်သွားနိုင်ရန် ထည့်သွင်းစဉ်းစား ဆွေးနွေး ကြရန် တိုက်တွန်းပါကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးမူဝါဒတွင် ဖော်ပြထားသည့်အချက်များကို ကြည့် မည်ဆိုပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံကျသော အချက်များကို ဆောင်ရွက်နိုင်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အခွင့်အလမ်းများ ရရှိ ရေးနှင့် အပြည်ပြည်ဆိုင်ရာစီးပွားရေးနှင့် ဒေသတွင်းစီးပွားရေးတွင် ပူးပေါင်းဆောင်ရွက် နိုင်ရန်  အခြေခံအဆောက်အဦများ မြန်ဆန်စွာ တိုးတက်လာရေး အတွက် လိုအပ်သည့် အချက်များကို ဦးစားပေး ဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စသည့်အချက်များကို အဓိကထား ဖော်ဆောင်ခြင်း ဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ကုန်သွယ်မှုနှင့် ဆက်စပ်သော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် ယှဉ်ပြိုင် မှု မူဝါဒ ဥပဒေများကိုလည်း ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ ပို့ကုန်သွင်းကုန်ဥပဒေ များသည် တိုးတက်လာသည့် ကုန်သွယ်မှုပုံစံများ၊ နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု အားနည်းသည့်အပြင် ၀န်ကြီးဌာနအတွင်း ဆောင်ရွက်နေ သည့်လုပ်ငန်းများကို ခြုံငုံမှု မရှိသည့်အတွက် ကုန်သွယ်မှုနှင့် ၀န်ဆောင်မှုဆိုင်ရာ ဥပဒေ ရေးဆွဲရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Abdoulaye Seck က နှုတ်ခွန်း ဆက်စကားပြောကြားသည်။

အဆိုပါ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hiltion ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြကာ ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘက်စုံ လေ့လာမှုအဆင့်နှင့် ပတ်သက်သည့် အဓိကအချက်များ၊ Medium Term Program နှင့် DTIS and Medium Term Program တို့နှင့် ပတ်သက်သည့် အဓိက အချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment