Saturday, November 26, 2016

တတိယအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ ပူးတွဲသတင်းထုတ်ပြန်

နေပြည်တော် နိုဝင်ဘာ ၂၅

တတိယအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲဆိုင်ရာ ပူးတွဲသတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
တတိယအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲပူးတွဲသတင်းထုတ်ပြန်ချက်မြန်မာနိုင်ငံနှင့်ဥရောပသမဂ္ဂတို့ တတိယအကြိမ် လူ့အခွင့်အရေးဆွေးနွေးပွဲကျင်းပခဲ့ခြင်း (၂၂-၁၁-၂ဝ၁၆)
-----------------------------------------------------------------------------
၁။ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တတိယအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေး ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဥရောပသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာစတာဗရို့စ် လမ်ဘရစ်နီဒိစ်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
၂။ ဆွေးနွေးပွဲတွင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် တူညီသည့်တန်ဖိုးထားရှိမှုများကိုအခြေခံ၍ လူ့အခွင့်အရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေရန် နှစ်ဖက်သန္နိဋ္ဌာန်ရှိမှုကို ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုနှင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ယှဉ်ပြိုင်မှုရှိပြီး အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲများနောက်ပိုင်း ဒီမိုကရေစီနှင့် အခြေခံလွတ်လပ်ခွင့် များတိုးမြှင့်ရန် အစိုးရ၏ကနဦးခြေလှမ်းများကို အီးယူမှချီးကျူးခဲ့ပါသည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများမှ (၂၂-၆-၂ဝ၁၆) ရက်နေ့တွင် အတည်ပြုခဲ့သည့် အီးယူပူးတွဲကြေညာချက် "Special Partnership for Democracy, Peace and Prosperity" တွင်ပါရှိသည့်အတိုင်း အီးယူအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများကို တိုးမြှင့်ထောက်ခံရန် အခိုင်အမာဆက်လက်သန္နိဋ္ဌာန်ပြုထားသည်ကို အလေးထားပြောကြားခဲ့ပါသည်။
၃။ ယင်းသို့ နှစ်ဖက်ဆွေးနွေးမှုများတွင် မြေယာအခွင့်အရေးများ၊ အလုပ်သမားအခွင့်အရေးများ၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ၊ ရခိုင်ပြည်နယ်အခြေအနေ၊ အီးယူအဖွဲ့ဝင်နိုင်ငံများရှိ လူနည်းစု၏အခွင့်အရေးများ၊ ဘာသာရေးဆိုင်ရာသည်းမခံမှုနှင့် အမုန်းတရားလှုံ့ဆော်မှုများတားဆီးရေး၊ ရွှေ့ပြောင်းသွားလာ သူများ၊ ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းသွားလာသူများ၏ လူ့အခွင့်အရေး၊ လူကုန်ကူးမှု၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များသို့ အတည်ပြုပါဝင်ရေး စသည့်လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြပါသည်။
၎။ လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းမှုနောက်ဆုံးအခြေအနေများကို နှစ်ဖက် ပြောကြားခဲ့ကြပြီး အလေ့အထကောင်းများအပေါ် အမြင်ချင်းဖလှယ်၍ နှစ်ဖက်အကျိုးရှိစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနည်းလမ်းများ ထုတ်ဖော်ခဲ့ကြပါသည်။
၅။ အိုင်အယ်လ်အိုစာချုပ်များ အကောင်အထည်ဖော်မှုနှင့် အလုပ်သမားဥပဒေများ ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံကအသိပေးခဲ့ပါသည်။ မြန်မာနိုင်ငံက ဝင်ရောက်ရန် ကျန်ရှိနေသော အိုင်အယ်လ်အိုအခြေခံစာချုပ် များသို့ပါဝင်ရန် အီးယူကအားပေးတိုက်တွန်းခဲ့ပြီး အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားသုံးပွင့်ဆိုင် ထိတွေ့ဆောင်ရွက် မှုအပါအဝင် မြန်မာနိုင်ငံ၏အလုပ်သမားအခွင့်အရေးမြှင့်တင်ရာတွင် တိုးတက်မှုများရရှိသည်ကို အီးယူက ကြိုဆိုခဲ့ ပါသည်။
၆။ မြေယာအခွင့်အရေးနှင့်စပ်လျဉ်း၍မြေယာအငြင်းပွားမှုများကို နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာတာဝန်ဝတ္တရားများနှင့်အညီ ဖြေရှင်းရန်အရေးကြီးသည်ကို ပြန်ပြောင်းပြောကြားခဲ့ကြပြီး မြေယာသိမ်းပိုက်မှုများအပါအဝင် မြေယာအခွင့်အရေးဆိုင်ရာမဟာဗျူဟာနှင့် ရည်မှန်းချက်များကို မြန်မာနိုင်ငံကပြောကြားခဲ့ပါသည်။
၇။ မြန်မာနှင့် အီးယူသည် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုကာကွယ်စောင့်ရှောက်ရေးသဘောတူညီချက် (Investment Protection Agreement - IPA)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး လူ့အခွင့်အရေးကိစ္စရပ်များအပါအဝင် လူသိရှင်ကြားဆွေးနွေးညှိနှိုင်းမှုများဖြင့် ပွင့်လင်းမြင်သာမှုရှိရေးသည် အရေးကြီးကြောင်း နှစ်ဖက်သဘောတူလက်ခံ ခဲ့ကြပါသည်။
၈။ ရခိုင်ပြည်နယ်မြောက်ပိုင်း၏ လက်ရှိလုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေကို စိုးရိမ်ကြောင်း အီးယူက ထုတ်ဖော်ပြောကြားခဲ့ပြီး ကနဦးတိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲအရေးယူဆောင်ရွက်ချက်များ နှစ်ခုလုံးအပေါ် လွတ်လပ်၍ အများလက်ခံနိုင်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်နှင့် အကူအညီလိုအပ်သူများထံသို့ လူသားချင်း စာနာမှုအကူအညီများ အလျင်အမြန်ဝင်ရောက်ခွင့်ပြုရန် ထပ်လောင်းတောင်းဆိုခဲ့ပါသည်။ မြန်မာဘက်က အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုဆိုင်ရာ နောက်ဆုံးအခြေအနေကိုပြောကြားခဲ့ပြီး နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်ခဲ့မှု၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်လျက်ရှိပြီး အဆိုပါဒေသများသို့ အခြားလူသားချင်းစာနာမှုအကူအညီပေးသူများကို သင့်လျော်သကဲ့သို့ ထပ်မံဝင်ခွင့်ပြုမည့်ကိစ္စ၊ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အမျိုးသားစုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့စည်းမည့်ကိစ္စတို့အပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွက် ရေရှည်နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှု-စီးပွားမဟာဗျူဟာတစ်ရပ်ရရှိရေး ခိုင်မာစွာဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၉။ အီးယူအဖွဲ့ဝင်နိုင်ငံများရှိ လူနည်းစုများ၏အခွင့်အရေးများကို ဆွေးနွေးခဲ့ကြပါသည်။ အီးယူဘက်မှ ယင်းသို့ ဖြေရှင်းရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊မူဝါဒနှင့်အစီအမံများကိုမျှဝေခဲ့ပါသည်။မြန်မာနှင့်အီးယူသည် လူနည်း စုများကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေပိုင်းမူဘောင်နှင့် ခွဲခြားဆက်ဆံမှုမရှိစေရေးမြှင့်တင်ရန် ကြိုးပမ်း အားထုတ်မှုများနှင့်စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများကို နှစ်ဖက်ဆွေးနွေးခဲ့ပါသည်။လွတ်လပ်စွာထုတ်ဖော်ပြော ကြားခွင့်ရရှိရေး အပြည့်အဝ သန္နိဋ္ဌာန်ရှိသည်ကိုအလေးထားလျက် လူနည်းစုများ၏အခွင့်အရေးများ အပြည့်အဝ ခံစားနိုင်ရေးနှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တို့အတွက် သည်းမခံမှု၊ အမုန်းတရားဖြစ်ပေါ်စေရန်လှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုတို့ကိုတိုက်ဖျက်ရေးလိုအပ်ကြောင်း နှစ်ဖက်သဘောတူညီခဲ့ကြပါသည်။
၁ဝ။ ဥရောပသို့ရွှေ့ပြောင်းဝင်ရောက်မှုများနှင့်စပ်လျဉ်း၍ လက်ရှိဖြစ်ပေါ်တိုးတက်မှုများမှ ရရှိသောသင်ခန်းစာများကို အီးယူကမျှဝေခဲ့ပြီး မူဝါဒပိုင်းဆောင်ရွက်ချက် နောက်ဆုံးအခြေအနေများကို အီးယူဘက်မှဆွေးနွေးခဲ့ပါသည်။
၁၁။ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ကူညီထောက်ပံ့မှုများတိုးမြှင့်ဆောင်ရွက်ရေး လိုအပ်သည်ကို နှစ်ဖက်အလေးထားပြောကြားခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသမီးများနှင့် ကလေး သူငယ်များအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးကို အထူးအလေးပေးမှုအပါအဝင် လူကုန်ကူးမှုတိုက်ဖျက်ရေး ထပ်လောင်းသန္နိဋ္ဌာန်ပြုခဲ့ပါသည်။
၁၂။ နှစ်ဖက်နားလည်မှုပိုမိုနက်ရှိုင်းစေရန်နှင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများ မြှင့်တင်ရေး ဘုံရပ်တည် ချက်များ ခိုင်မာစေရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မြှင့်တင်ရန် နိုင်ငံတကာမျက်နှာစာမှ ကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြပါသည်။ မြန်မာနိုင်ငံက လက်ခံထားသော UPR အကြံပြုချက်များကို အကောင်အထည်ဖော်ရေး အမျိုးသားစီမံ ကိန်းတစ်ရပ်ရေးဆွဲရန် ထည့်သွင်းစဉ်းစားနေကြောင်းပြောကြားခဲ့ပြီး ယင်းကိစ္စအပေါ် အီးယူကထောက်ခံ၍ ¤င်း၏အတွေ့အကြုံများ မျှဝေရန်အသင့်ရှိမှုကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာ မင်းကြီးရုံး(OHCHR) နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဝင်ရောက်ရန်ကျန်ရှိသော အဓိကနိုင်ငံတကာလူ့အခွင့်အရေး စာချုပ်များသို့ ဝင်ရောက်ရေးကိစ္စများကို နှစ်ဖက်ဆွေးနွေးခဲ့ကြပါသည်။
၁၃။ စတုတ္ထအကြိမ် မြန်မာ-အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲကိုဘရပ်ဆဲလ်မြို့၌ ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်ရန်နှစ်ဖက် သဘောတူညီခဲ့ကြပါသည်။
၁၄။ ယင်းဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ၊ မြန်မာ နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာန (၁၁)ခုမှ အဆင့်မြင့်အရာရှိကြီးများ၊ ဥရောပသမဂ္ဂမှအရာရှိများ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ အကြီးတန်းသံတမန်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
၁၅။ ယင်းဆွေးနွေးပွဲမတိုင်မီ ရန်ကုန်မြို့တွင် (၂၁-၁၁-၂ဝ၁၆) ရက်နေ့၌ လူမှုအဖွဲ့အစည်းဖိုရမ်တစ်ခုပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် လူ့အခွင့်အရေးနယ်ပယ်၌ မြန်မာနှင့်အီးယူတို့၏ အောင်မြင်မှုများနှင့် ကျန်ရှိနေသောစိန်ခေါ်မှုများ အပေါ်လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် ဆွေးနွေးခဲ့ကြပါသည်။

No comments:

Post a Comment