Friday, November 18, 2016

ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်အဆင့်မြန်မာစာစွမ်းရည်ပြိုင်ပွဲကျင်းပ

ပြည်ကြီးတံခွန်၊ နိုဝင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ မြန်မာစာပေအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့်မြန်မာစာစွမ်းရည်ပြိုင်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၂၇) ရှိ စိန်ကြူ ကျောင်းဆောင်၌ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

''မြန်မာစာရေးသားရာတွင် မြန်မာ ဗျည်း၊ သရ၊ အက္ခရာ၊ အသံထွက်၊ အနက်အဓိပ္ပာယ်တို့ကို ထုံးမီစံမျှ မှန်ကန် တိကျစွာ ရေးသားတတ်စေရန်၊ မြန်မာစကား ပြောဆိုရာတွင်ဖြစ်စေ၊ မြန်မာစာရေးသားရာတွင်ဖြစ်စေ မိမိဆိုလိုရင်းကို မှန်ကန်တိကျစွာ ပြောဆို ရေးသားတတ်စေရန်၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာပုံပြင်များ၊ တေးကဗျာများ၊ စကားထာများနှင့် စကားပုံများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီ လေ့လာတတ်စေရန်နှင့် မြန်မာဘာသာစကားစနစ်၏ အခြေခံများကို နားလည်စေရန်၊ မြန်မာစာပေကို ထိန်းသိမ်းအပ်သော အမျိုးသား လက္ခဏာတစ်ရပ်အဖြစ် စောင့်ရှောက်ရန်၊ မြန်မာစာပေ၏ အနက်အဓိပ္ပာယ်၊ သဒ္ဒါအသုံးအနှုန်း မှန်ကန်စွာ သိရှိနားလည်သော ကျောင်းသားလူငယ်များကို ဖော်ထုတ် အားပေးရန်၊ ဆုရကျောင်းသား/သူများကို အတုယူ၍ မြန်မာစာပေကို မြတ်နိုးလေ့လာလိုက်စားလိုသူများ ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် (၇၇) ဦး၊ အလယ်တန်းအဆင့် (၆၅) ဦး၊ အထက်တန်းအဆင့် (၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မူတန်းတန်းအဆင့်အတွက် မေးခွန်းတစ်ခု၊ အလယ်တန်းအဆင့်အတွက် မေးခွန်းတစ်ခု၊ အထက်တန်းအဆင့်အတွက် မေးခွန်းတစ်ခု ဖြစ်ကြောင်း၊'' ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ထွန်းဦးက ပြောပြသည်။
မြန်မာစာစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ဒုတိယအပတ်တွင် ခရိုင်အဆင့်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နှင့် ဇန်န၀ါရီလ ပထမအပတ်တွင် ဗဟိုအဆင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment