Saturday, November 5, 2016

စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


မြောင်းမြ   နိုဝင်ဘာ   ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေး မြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီက အထက (၁) ပညာရတနာခန်းမ၌ ကျင်းပရာ မြောင်းမြခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်း အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

“ရုံးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်သည့် နေရာတွင် အမှားအယွင်းနည်းပါးစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ မသမာမှု ကင်းရှင်းစွာဖြင့် နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ ရုံးလုပ်ငန်းများ အထက်အောက် စီးဆင်းမှု မှန်ကန်စွာဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်…” ဟု မြောင်းမြခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဆရာမ ဒေါ်ခင်သပြေညိုက ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြောင်းမြခရိုင် အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်ပညာရေးမှူး ရုံးမှ စာရေး(၃) (၂)(၁) နှင့် ငွေစာရင်းကိုင်များ၊ အခြေခံပညာကျောင်းများမှ စာရေးဝန်ထမ်းနှင့် ရုံးအကူများ တက်ရောက်ကြပြီး ခရိုင်ပညာရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ လုပ်သက်ရင့် စာရေး ဝန်ထမ်းများက ဝန်ထမ်းကျင့်ဝတ် တာဝန်နှင့် စည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများ၊ ရုံးစာ ရေးသားနည်းနှင့် စာရွက်စာတမ်းများ လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ပညာရေးဝန်ထမ်းများ သိရှိနားလည် ထားရမည့် သိကောင်း စရာများကို   နိုဝင်ဘာ(၅)ရက်နေ့မှ နိုဝင်ဘာ(၆)ရက်နေ့ အထိ ဆွေးနွေး ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြောင်းမြ (ပြန်/ဆက်)


No comments:

Post a Comment