Wednesday, November 30, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


စင်ကာပူ နိုဝင်ဘာ ၃၀
စင်ကာပူနိုင်ငံတွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာကရစ်ရှ်နန်၊ စင်ကာပူနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ လင်မ် ဟန့်ခိုင်နှင့် တာဝန်ရှိသူများ၊ စင်ကာပူ နိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။



တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ရင်းနှီး မြှုပ်နှံမှု မူဝါဒများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက စင်ကာပူ နိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုအခမ်း အနားဖြင့် ကြိုဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ်တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံအကြား စင်ကာပူ-မြန်မာ အသက်မွေးပညာသင်ကျောင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာအား သုံးနှစ်သက်တမ်း တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေးထိုး နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ်က လက်မှတ်ရေး ထိုးခဲ့သည့် အခွန်နှစ်ထပ်ပေးဆောင်မှုရှောင်ရှားရေး သဘောတူစာချုပ် အား ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရေးနှင့် စင်ကာပူလေကြောင်းလိုင်းအား ပျံသန်းမှုရာသီတစ်ခုအတွက် (၆)လခန့် စမ်းသပ် ပြေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။  
(သတင်းစဉ်)



No comments:

Post a Comment