Friday, November 4, 2016

မောင်တောမြို့နယ်၊ ဝါးပိတ်ကျေးရွာ၏ ခြံဝန်းတစ်ခုအတွင်းမှ လက်နက်/ခဲယမ်းများ တူးဖော်ရရှိ

နေပြည်တော် နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ဝါးပိတ်ကျေးရွာ၏ အနောက်ဘက်လူမနေသည့် ခြံဝန်းတစ်ခုအတွင်းရှိ စိုက်ခင်းဟောင်းနေရာ၌ မြေသားများ ပွနေသည်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ဘီအေ ၉၄ သေနတ် ၄ လက်နှင့် ၎င်းကျည်အိမ် ၃ ခု၊ အမ်အေ ၁၁ တစ်လက်နှင့် ၎င်းကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်တို့ကို တူးဖော်တွေ့ရှိခဲ့သည်။

အဆိုပါလက်နက်/ခဲယမ်းများသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းများအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ စီးနင်းတိုက်ခိုက်စဉ် ပါရှိသွားသော လက်နက်/ခဲယမ်းများဖြစ်ပြီး အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြဝတီ

No comments:

Post a Comment