Thursday, November 10, 2016

ပြန်ကြားရေးဝန်ကြီးဌာနက လာမည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းစည်းဝေး


ရန်ကုန် - နိုဝင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုပွဲတော်ကို လာမည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။







တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှု ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မျိုးမြင့်က တိုင်းရင်းသားများအကြား ယခင်ကထက် ချစ်ကြည်ရင်းနှီးမှု၊ လေးစားမြတ်နိုးမှုများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ ရေးသားထုတ်ဝေသည့် စာပေများကို ရောင်းချပေးသွားမည့်အပြင် အချို့မထုတ်လုပ်နိုင်သော တိုင်းရင်းသား စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ရိုက်နှိပ် ပြန်လည်ထုတ်ဝေပေးမည့် အစီအစဉ်များ လည်းရှိကြောင်း၊ စာတမ်းဖတ်ပွဲများ၌ တိုင်းရင်းသားများ၏ စာပေနှင့် နှုတ်ပြော စာပေများကို မြန်မာ ဘာသာပြန်ဖြင့် ပြောကြားခြင်း၊ ဖတ်ကြားခြင်း အစီအစဉ်များ လည်းရှိကြောင်း၊ တိမ်မြှုပ်ပျောက်ကွယ် နီးပါးဖြစ်နေသော တိုင်းရင်းသားများ၏ဂီတ၊ ရိုးရာအက၊ လက်လှမ်းမမီ မသိရှိသေးသော ရိုးရာ ဓလေ့များကိုပါ  ပြသပေးနိုင်ရန်  စီစဉ်ထားရှိကြောင်းဖြင့်  ပြန်ကြားရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး  ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ အဖွဲ့ဝင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးက လက်ရှိတွင် တိုင်းရင်းသားဘာသာ စကားများကို ၁၇ မျိုးထုတ်လွှင့်ပေးနေပြီး ယခုပွဲတော်တွင် ဒေသအလိုက် ထူးခြားသော ဓလေ့ထုံးစံများ၊ ခရီးသွားလာမှုများ၊ လှပသော သဘာဝပတ်ဝန်းကျင်များ၊ ဘာသာရေးဆိုင်ရာ ပွဲတော်များ ကိုပါ စုံလင်စွာပြသနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ ဌာနခွဲများထံ ဆက်သွယ် ပေးပို့နိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍  ဦးစီးကော်မတီ အဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက စာပေအက္ခရာမတင်သော်လည်း နှုတ်ပြောသည့် စကားပုံများ၊ ဆောင်ပုဒ်များ၊ တိမ်မြှုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိုင်းရင်းသား မျိုးနွယ်စုများ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို စုဆောင်းပြီး ဒေသအလိုက်ရှိ ဦးစီးဌာန ရုံးခွဲများသို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များက ပွဲတော်နှင့်စပ်လျဉ်းသည့် အကြံပြု သုံးသပ် ချက်များကို ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါပြပွဲတွင် တိုင်းရင်းသားများ၏  ရိုးရာပြခန်းများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ အပြင် ရိုးရာယဉ်ကျေးမှုအက၊ အနုပညာ ဖျော်ဖြေပွဲများ၊ စာတမ်းဖတ်ပွဲများ၊ တိုင်းရင်းသား စာပေစာအုပ် ရောင်းချမှုများနှင့် တိမ်မြှုပ် ပျောက်ကွယ် လုနီးပါးဖြစ်နေသော တိုင်းရင်းသား များ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း  ပါဝင်ပြသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment