Thursday, November 10, 2016

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား နိုင်ငံခြား ဧည့်များ သီးခြားစီလာရောက်တွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ (၁၀)
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား သြစတြီးယားနိုင်ငံအခြေစိုက် SFC Umwelttechnik GmbH ကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဖြစ်သူ Mr. Franz Urstoger ဦးဆောင်သော အဖွဲ့မှ  နံနက် (၉)နာရီတွင် ၀န်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင် မည့် ရေသန့်စင် စက်နှင့် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သြစတြီးယားနိုင်ငံ Uni Credit ဘဏ်မှ အတိုးမဲ့ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
ထိုနောက် နံနက်(၁၀)နာရီတွင် UNITED KINGDOM မှ Foreign and Commonwealth Office ၏ Minister of State, H.E. Rt Hon Baroness Anelay ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံစဉ်  အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းစဉ်များ အကြောင်းနှင့် ချင်းပြည်နယ်တွင် ကနဦး စတင်ဆောင်ရွက်လျက်ရှိသည့် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး ကိစ္စရပ်များ၊ ပဋိပက္ခဒေသများရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ပေးရန် ကိစ္စရပ်များ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ (၁၁)နာရီတွင် HelpAge International   Myanmar အဖွဲ့အစည်းမှ Country Director ဖြစ်သူ Mr. Godfred Paul ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံစဉ် ထိုသို့တွေ့ဆုံရာ၌ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေ အတည်ပြုပြဌာန်းနိုင်ရေး ဆောင်ရွက်နေသော ကိစ္စရပ်များ၊  ဥပဒေပေါ်ပေါက်လာပြီးလျင် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ၊ သက်ကြီးရွယ်အို လူမှုရေးပင်စင် (Social Pension) ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် သုတေသနများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အသစ်ဖွဲ့စည်း ထားရှိသော သုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment