Tuesday, November 22, 2016

ပေါင်မြို့နယ်အတွင်းရှိ တောင်သူများ ယခုနှစ်အတွင်း မိုးစပါးအထွက်နှုန်းလျော့နည်းမှုနှင့် ဈေးကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မှီပြန်မဆင်နိုင်မှာကို စိုးရိမ်

ပေါင် နိုဝင်ဘာ ၂၂
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ယခုနှစ်အတွင်း မိုးစပါးများအထွက်နှုန်းလျော့နည်းမှုနှင့် စပါးဈေးကျဆင်း မှုများကြောင့် နိုင်ငံတော်မှ ချေးယူထားသော စိုက်ပျိုးစရိတ်ချေးငွေများအား အချိန်မှီပြန်မဆပ်နိုင်မည်ကို  စိုးရိမ်နေကြကြောင်း တောင်သူ လယ်သမားများထံမှသိရသည်။

"ဒီနှစ်က လယ်သမားတွေအတွက် အသက်ရှုကြပ်တဲ့နှစ်လို့ပြောရမယ်၊ ရာသီဥတုကလည်းမမှန်ဘူး၊ ဖျက်ပိုးကလည်း ကျတယ်။ စပါးအထွက်နှုန်းလဲကျတယ် ဈေးကလဲမကောင်းဘူး အလုပ်သမားစရိတ်ကလဲ မြင့်လာတယ် ခုဈေးနဲ့စပါးကို ရောင်းပြန်ရင်လဲ ပွဲစားတွေက ဈေးနှိပ်တင်းခိုပြီးဝယ်ကြအုန်းမယ် ဒီနှစ်လို စပါးဈေးကျတာလဲ မကြုံဘူးဖူး စပါးဈေးက ဒီအတိုင်းဘဲသွားမယ် ဆိုရင် ရေရှည်လှောင်ထားလို့လဲ မဖြစ်ဘူး စားဖို့ကရှိသေးတယ် လယ်အတွက်ကုန်ကျစရိတ်တွေကလဲ ရှိသေးတယ် ဒီကြားထဲ ချေးငွေကလဲ ဆပ်ရတော့မယ်ဆိုတော့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး''ဟု တောင်သူ လယ်သမားတစ်ဦးဖြစ်သူ ဒေါ်စမ်းစမ်းခိုင်ကပြောသည်။
မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်အနေဖြင့် လယ်သမားများ၏ အခက်ခဲအား စာနာသောအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးသွင်းရမည့် ရက်အား ဖြစ်နိုင်ပါက တစ်လတန်သည်နှစ်လတန်သည် နောက်ဆုတ်ပေးစေလိုကြောင်း ဆောင်ရွက်ပေးမည်ဆိုပါက အချိန်မှီပေးသွင်းနိုင်ရေး ကြိုးစားသွားမည်ဖြစ် ကြောင်း၎င်းကဆက်လက်ပြောသည်။
လယ် ၁၀ ဧကစိုက်ပျိုးရိတ်သိမ်းပါကကုန်ကျစရိတ် ၆ သိန်းဝန်းခန့်ကုန်ကျပြီး ယခင်နှစ်များတွင် ၁၀ ဧက စပါးတင်း ၆၀၀ ဝန်းကျင်ခန့် ထွက်ရှိပြီး ယခုနှစ်တွင် တင်း ၄၀၀ ခန့်သာထွက်ရှိသည်။ စပါးဈေးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပေါင်မြို့နယ် အတွင်း စပါးဈေးနှုန်းမှာ ကောက်စောစပါးထွက်ချိန်တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ လျင် ကျပ် ၇ သိန်းဝန်းကျင်၊ ဧည့်မထအုပ်စုဝင်စပါး တင်း ၁၀၀ လျင် ကျပ် ၆ သိန်းဝန်းကျင်၊ မီးတုံးအုပ်စုဝင်စပါး တင်း ၁၀၀ လျင် ကျပ် ၆ သိန်း ၅ သောင်းဝန်းကျင်ဈေးပေါက်ခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ လျင် ကျပ် ၄ သိန်း ၅သောင်းဝန်းကျင်၊ ဧည့်မထအုပ်စုဝင်စပါး တင်း ၁၀၀ လျင် ကျပ်  ၃ သိန်း ၅ သောင်းဝန်းကျင်၊ မီးတုံးအုပ်စုဝင်စပါး တင်း ၁၀၀ လျင် ကျပ် ၄ သိန်း ဝန်းကျင်သာ ဈေးရှိကြောင်း သိရသည်။
"ကျွန်မတို့က လယ်သမားတွေကို ချေးငွေထုတ်ချေးကတည်းက ဘယ်လနောက်ဆုံးပြန်ဆပ်ရမလဲ ဆိုတာကို ပြောပြ ပေးထားပါတယ် လယ်သမားအများကြီးကို လုပ်ပေးရတာဖြစ်တဲ့အတွက် သူတို့ကို သတ်မှတ် လမှာ အကြေပေးချေဖို့ တိုက်တွန်းမှ ဌာနကသတ်မှတ်တဲ့လမှာ အကုန်သွင်းနိုင်တာပါ ဒါတောင်တစ်ချို့က နောက်ကျတာတွေရှိပါတယ်  တကယ်လို လယ်သမားတွေ ဘက်က တင်ပြလာမယ်ဆိုရင်တော့ တဆင့်ပြန် တင်ပြပြီး လူကြီးတွေရဲ့လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ပေးရမှာပါ''ဟု ပေါင်မြို့နယ် လယ်ယာစိုက်ပျိုးရေးဘဏ် မန်နေဂျာဒေါ်ယုယုခိုင်ကပြောသည်။
လယ်ယာစိုက်ပျိုးဘဏ်အနေဖြင့် ၂၀၁၆ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာတွင်  လယ်တစ်ဧကလျှင်ကျပ် တစ်သိန်းခွဲ နှုန်းဖြင့် တစ်ဦးလျင် အများဆုံး ၁၀ ဧကထိ ထုတ်ချေးပေးခဲ့ရာ ပေါင်မြို့နယ်တွင် မိုးစပါး စိုက်ဧက ၁၂၆၉၇၄ ဧက ရှိရာ လယ်သမား ဦးရေ (၉၅၁၁) ဦးအတွက် စိုက်စရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၁၁၇၀၂၈.၅၀ ) ထုတ်ချေးပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)


No comments:

Post a Comment