Thursday, November 17, 2016


တပ်ကုန်း၊ နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ ရွှေရတု မဟာဘုံကထိန်ပွဲတော်တွင် မြို့မ (၆) ရပ်ကွက်၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ တပ်နယ်-တပ်ရင်း တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များ၊ သီးခြားအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နိုင်ငံရေးပါတီများနှင့် ရွှေရတု မဟာဘုံကထိန် ဦးစီးကော်မတီတို့မှ လှူဒါန်းထားသော ပဒေသာပင် တန်ဘိုးငွေ (၁၂၆၉ဝ၃၅၇ဝ) ကျပ် ရေစက်သွန်းချ လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။



အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မဟာဘုံကထိန် သြဝါဒါစရိယ ရွှေအင်းရိပ်သာစာသင်တိုက်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒဆရာတော်က သရဏီရသြဝါဒကထာ ချီးမြှင့်တော်မူခဲ့ပြီးနောက် မြို့နယ်လုံးဆိုင်ရာ အကြိမ် (၅ဝ) မြောက် ရွှေရတု မဟာဘုံကထိန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက နေပြည်တော်ကောင်စီဝင် (တပ်ကုန်းမြို့နယ် တာဝန်ခံ) ဦးတင်ထွဋ်၊ ရွှေရတု မဟာဘုံကထိန် ဦးစီးကော်မတီဒုဥက္ကဌ (၁) ဦးဇော်လွင်တို့က သာသနာရေးဆိုင်ရာများ၊ ပဒေသာပင် ခွဲဝေမဲချ လှူဒါန်းပေးရေးများ ရှင်းလင်း လျှောက်တင်ခဲ့သည်။
ထို့နောက် ရွှေအင်းရိပ်သာစာသင်တိုက် စာချနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ပညာသာမိ ဆရာတော်ထံမှ  ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူခဲ့သည်။ ယင်းနောက် အထူးပင့်ဆရာတော်ကြီးများနှင့် ကထိန်အာနိသင်ရကျောင်းများမှ ဆရာတော်များအား လှူဖွယ်ပစ္စည်းများကို နေပြည်တော်ကောင်စီဝင် (တပ်ကုန်းမြို့နယ်တာဝန်ခံ) ဦးတင်ထွဋ်၊ စစ်ဘက်/ နယ်ဘက်ဆိုင်ရာ အရာရှိများ၊ ကထိန်ဦးစီးကော်မတီဝင်များ၊ ပုဂ္ဂလိကအလှူရှင်များနှင့် ကထိန်ဒါယကာ၊ ဒါယိကာမများက ဆက်ကပ်လှူဒါန်းခဲ့ပြီး ကထိန်အာနိသင်ရကျောင်းများ၏ ကိုယ်စားအလှည့်ကျဆရာတော် ခရမ်းစပ်ကုန်းကျေးရွာဘုန်းတော်ကြီး ကျောင်း ဘဒ္ဒန္တဆရာတော် ဦးသူရိယထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲ ပဒေသာပင်များသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၂၉) ကျောင်းကို ယခင်နှစ် (၄၉) ကြိမ်အထိ တစ်ကျောင်းလျှင် (၃) ကြိမ်စီ ကထိန်အာနိသင်ရကျောင်းအဖြစ် သတ်မှတ် လှူဒါန်း နိုင်ခဲ့သည်။ ရွှေရတုကာလရောက်ရှိသည့် ယခုနှစ်တွင် ၁၃၇၈-ခု၊ ဝါဆို ဝါကပ်သည့် ကျောင်းပေါင်း (၂၃၉) ကျောင်းရှိ ရွှေရတုနှစ် ဖြစ်သဖြင့် ကျောင်းပေါင်း (၅၅) ကျောင်းကို အထူးမဲနှိုက်၍ မဲပေါက်သည့်ကျောင်း (၅၅) ကျောင်းကို ကထိန်ခင်း ပင့်လျှောက်ပြီး၊ ကထိန်အာနိသင် မဲမပေါက်သည့် (၁၈၄) ကျောင်းကိုလည်း ရွှေရတုအထိမ်းအမှတ်ဖြစ် သတ်မှတ်၍ ပဒေသာပင် (၁၆၈) ခု၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၂၆၉ဝ၃၅၇ဝ)ရှိ ပဒေသာပင်ပစ္စည်းများ ခွဲဝေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက် (တပ်ကုန်း)

No comments:

Post a Comment