Friday, November 11, 2016

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂ဝ၁၆)ဆင်းပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော်           နိုဝင်ဘာ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယားပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂ဝ၁၆) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ပြည်နယ်ပညာရေးဦးစီးဌာနမှ ဦးအောင်မြတ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက ‘‘မူးယစ်ဆေးဆိုတာ ဘာလဲ” ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ဖော် တင်ဆက်ပြသသည်။
အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ(၃ဝ)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်း ကာလ(၅)ရက်ကြာမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဒီသင်တန်းက ရရှိသည့် အတွေ့အကြုံဗဟုသုတများကို အသုံးချပြီး မိမိတို့ဒေသ၊ ရပ်ရွာအတွင်း ပြန်လည် ရောက်ရှိသည့် အခါ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များကို လူမှုဝန်ထမ်းနည်းစနစ်များဖြင့် အကူအညီပေးခြင်း၊ မူးယစ်ဆေးဝါး မသုံးမိအောင် ကျောင်းသားလူငယ်များကို ကြိုတင်ကာကွယ်အသိပညာပေးခြင်း၊ ပြန်လည်ထူထောင် မှုခံယူပြီး လူငယ် များကိုလည်း မူးယစ်ဆေးဝါးပြန်လည်မသုံးစွဲမိစေရန် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ဆောင် ရွက်ခြင်းနှင့် မူးယစ်ကင်းစင်မြန်ပြည်တခွင်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး နိုင်ငံတော်၏ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်နယ်ပညာရေးဦးစီးဌာနမှ သင်တန်းသား ဦးအောင်မြတ်သူက ပြော ကြားခဲ့သည်။
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment