Thursday, November 3, 2016

မအူပင်မြို့နယ် ကျောင်းရွာကျေးရွာ အ.ထ.က ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ၊ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မအူပင်)တို့ပူးပေါင်း၍ မအူပင်မြို့နယ် ကျောင်းရွာ (စံပြ)ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်း ဓာတ်ပုံ၊ နံရံကပ်စာစောင် ပြပွဲအခမ်းအနားကို နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းခမ်းမတွင် ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်/ဆက်ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာပေလေ့လာဖတ်ရှုခြင်း၏ အသိပညာဗဟုသုတရရှိမှုများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ရှောင်ကျဉ်ရမည့် အချက်များကို ဟောပြောဆွေးနွေးပြီး၊ အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မအူပင်)ဒုရဲမှူးကျော်စိုးမိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပြည်သူများလိုက်နာရမည့် သတ်မှတ်ဥပဒေများကို သိရှိလိုက်နာနိုင်ရေးအတွက် ဗီဒီယိုဖိုင်များပြသပြီး ဟောပြော ဆွေးနွေးသည်။

၎င်းနောက် ကျောင်းစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်/စာစောင်များကို ပြန်/ဆက် ဦးစီးဌာနမှ လှူဒါန်းပေးပြီး ကျောင်းအုပ်ဆရာကြီး ဦးသိန်းဟန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


(မအူပင်ခရိုင် ပြန်/ဆက်) 

No comments:

Post a Comment