Tuesday, November 1, 2016

ပရဟိတ စိတ်ပါဝင်စားသူများ စုပေါင်းကာ သုဝဏ္ဏဝတီမြို့တွင် မေတ္တာစွမ်းအား လူမူကယ်ဆယ်ရေးအသင်း ဖွင့်လှစ်


သထုံ  နိုဝင်ဘာ  ၁



မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်တွင် ဒေသတွင်း သဘာဝဘေးနှင့် အခြားဘေးအမျိုးမျိုးတို့ ဖြစ်ပေါ်လာပါက စနစ်တကျဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူမူ ကယ်ဆယ်ရေး အဖွဲ့ချုပ်၏ ဦးဆောင်မူဖြင့် ပရဟိတ စိတ်ပါဝင်စားသူများ စုပေါင်းကာ ဖွဲ့စည်းထားသည့် မေတ္တာစွမ်းအား လူမူကယ်ဆယ်ရေးအသင်းရုံးခန်း ဖွင့်ပွဲကို နိုဝင်ဘာလ ၁ ရက်၊ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မေတ္တာစွမ်းအား လူမူကယ်ဆယ်ရေးအသင်း၏နာယက ဦးခင်မောင်ကြည်က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးလှထွန်းက ပရဟိတလုပ်ငန်းများနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး နန္ဒဝင်း က သထုံခရိုင်အတွင်း ဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားခဲ့မှုနှင့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအိက လူမူရေး စိတ်ဓာတ်ဖြင့် ပရဟိတအသင်းအဖွဲ့ အားလုံးအား ပံ့ပိုးကူညီနိုင်ရေးတို့ကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အလှူရှင်တစ်ဦးဖြစ်သူ အကောင်းကြိုက် မိသားစုစားသောက်ဆိုင်မှ ဦးကျော်ဝေက မေတ္တာစွမ်းအား လူမူကယ်ဆယ်ရေးအသင်းသို့ အရေးပေါ် လူနာတင်ယာဉ် ၂ စီး၊ ရုံးခန်းအဆောက်အဦး၊ ပရိဘောဂပစ္စည်းများနှင် အလှူငွေများကို ပေးအပ်လှူဒါန်းရာ အသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ မေတ္တာစွမ်းအား လူမူကယ်ဆယ်ရေးအသင်းကို စက်တင်တင်ဘာလအတွင်းက စတင်ကာ ဖွဲ့စည်းခဲ့ပြီး လူမှုကူညီရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရုံးခန်းဖွင့်လှစ်ချိန်အထိ လူမူကူညီရေး လုပ်ငန်း ၄၀ ကျော်ခန့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း အသင်းမှတ်တမ်းများအရ သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment