Wednesday, November 16, 2016

မောင်တောမြို့ပေါ်နှင့် မောင်တောတောင်ပိုင်းတွင် တည်ငြိမ်အေးချမ်းလျက်ရှိသည်ကို တွေ့မြင်ရ


မောင်တော နိုဝင်ဘာ ၁၆
မိမိတို့ သတင်းအဖွဲ့ နိုဝင်ဘာလ ၁၆ ရက်တွင် မောင်တော - အလယ်သံကျော် ကွန်ကရစ်လမ်းမကြီးအတိုင်း ခရေမြိုင်ရွာဘက်သို့ သွားရောက်၍ ရခိုင်လူမှုစီးပွားတိုး တက်ရေးအဖွဲ့ (ARG) က နယ်မြေအတွင်း ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် သတင်းကို သွားယူခဲ့သည်။

အပြန်တွင် ခရေမြိုင်ရွာထဲသို့ ၀င်ရောက်ပြီး ကျေးရွာဘုန်းကြီးကျောင်း  ဆရာတော်ထံ ၀င်ရောက်ဖူးမြော်ခဲ့သည်။ ဆရာတော်က တိုင်းရင်းသားကျေးရွာများ၏ လုံခြုံရေးပိုမိုဆောင်ရွက်ပေးစေလိုမှု၊ ကျေးရွာနေပြည်သူများ ဘာသာ၊ သာသနာကို ပိုမို ကိုးကွယ်ဆည်းကပ်စေလိုမှုနှင့် ပိုမို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရှိစေလိုမှု စသည့် စေတနာ စကားများကို မိန့်ကြားခဲ့သည်။
ထို့နောက် ဗောဓိကုန်း၊  ဝေသာလီ စသည့်ကျေးရွာများကို ဖြတ်သန်းလာခဲ့ရာ စပါးရိတ်သိမ်းနေသူများ၊ ချွေလှေ့နေသူများ၊ ရာသီသီးနှံစိုက်ပျိုးနေသူများ၊ ငါးရှာသူ များ၊ ကျောင်းဆင်းလာသော ကျောင်းသားကျောင်းသူများ၊  အငှားယာဉ် သုံးဘီးဆိုင် ကယ်များဖြင့် သွားလာနေသူများ စသည်ဖြင့် အေးချမ်းနေသော နယ်မြေအခြေအနေကို မျက်မြင်တွေ့ခဲ့ရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မောင်တောမြောက်ပိုင်းဖြစ်သည့် မောင်တော - ကြိမ်ချောင်းလမ်းဘက်ဖြတ်သန်းစဉ် တိုက်ပွဲဖြစ်ပွားမှုနှင့် လမ်းတွင် ကားကို မိုင်းဆွဲ တိုက်ခိုက်ခံရမှုသတင်းကို  ကြားသိရပြီး  ထိခိုက်မှုများလည်း ရှိသည်ကို သိခဲ့ရသည်။ နိုဝင်ဘာလ ၁၂ ရက် ညပိုင်းနှင့် ၁၃ ရက်နေ့ သတင်းစာများတွင်လည်း အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ သိရှိခဲ့ရပြီး ဖြစ်သည်။ နောက်နေ့တွင်လည်း နယ်မြေ ဆက်လက်ရှင်းလင်းရေး ဆောင်ရွက်နေသည့်သတင်းများကို ကြားရသည်။
မိမိတို့ နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တောတောင်ပိုင်းဒေသဖြစ်သည့် ကံပူး၊ အလယ်သံကျော်၊ မောရ၀တီ၊  ဥဒေါင်း၊ ကိုင်းကြီး၊ ဒုချီးရားတန်း၊ ရွှေဗဟိုရ်  စသည့် ကျေးရွာများကို ကားလမ်းမကြီးအတိုင်း ဖြတ်သန်းကြည့်ရှုခဲ့စဉ် နဂိုအခြေအနေအတိုင်း မဟုတ်သေးသည့်တိုင် နယ်မြေအခြေအနေ အေးချမ်းပြီး  တည်တည်ငြိမ်ငြိမ်ရှိနေ သည်ကို တွေ့ခဲ့ရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ မောင်တောမြို့သို့ မိမိတို့  ရောက်ကတည်းက မြို့ပေါ် တွင် ဈေးဆိုင် အများစု ဖွင့်လှစ်ထားခြင်း၊ ထမင်းဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ တွင်လည်း လူများစုစုဝေးဝေးဖြင့် အေးအေးချမ်းချမ်း ရှိနေခြင်းတို့ကို တွေ့မြင်ရပြီး နိုဝင်ဘာလ ၁၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ကလည်း မြို့ပေါ် ဘုန်းကြီး ကျောင်းများနှင့် သာသနာ့ဗိမာန်တို့တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းများ၊ အလှူအတန်းများ  စည်စည် ကားကား ပြုလုပ်နိုင်ကြသည်ကို တွေ့ခဲ့ရသည်။
နိုဝင်ဘာလ ၁၆ ရက် မောင်တောမြို့အတွင်း လှည့်လည်သတင်းယူစဉ် မောင်တောမြို့မဈေး၌ စိန်ရွှေရတနာဆိုင်များ၊ အထည်ဆိုင်များ၊ ကုန်မာဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များ၊ ရေလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၊ နာရီနှင့် မျက်မှန်ဆိုင်၊ ခရီးဆောင်အိတ် အမျိုးမျိုး အရောင်းဆိုင် စသည်တို့၌ ရောင်းဝယ်နေသူများဖြင့် အေးအေးချမ်းချမ်း ရှိနေသည်ကို တွေ့ရသကဲ့သို့ ရပ်ကွက် (၂) ဈေးတွင်လည်း ဈေးရောင်းဈေးဝယ် များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ခဲ့ ရသည်။
မောင်တောမြို့ဝန်းကျင်ရှိ ကျေးရွာများမှလည်း ၎င်းတို့ကျေးရွာမှထွက်ရှိသည့် သီးနှံများလာရောက်ရောင်းချခြင်း၊ လိုအပ်သည့်ပစ္စည်းများ ပြန်လည်ဝယ်ယူခြင်း စသည်တို့ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် မောင်တောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊  ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့်ဘဏ်ခွဲများလည်း ပြန်လည်ဖွင့်လှစ်ထားသည်ကို တွေ့မြင်ခဲ့ ရပါကြောင်း မောင်တောမြို့ပေါ်နှင့် အနီးတစ်ဝိုက် အေးချမ်းတည်ငြိမ်နေမှု အခြေအနေ ကို  ရေးသားတင်ပြ လိုက်ရပါသည်။
သတင်း - ကိုသက်နှင့် အဖွဲ့၊ ဓာတ်ပုံ - ဖိုးထောင်နှင့် မင်းထက်

No comments:

Post a Comment