Wednesday, November 16, 2016

Human Rights Watch (HRW) ၏ အစီရင်ခံစာပါအချက်များ ရှင်းလင်းပွဲကျင်းပ



နေပြည်တော် နိုဝင်ဘာ ၁၆
မောင်တောနယ်မြေအတွင်း လူနေအဆောက်အဦများ မီးရှို့ဖျက်ဆီးခံရသည့် Human Rights Watch (HRW) ၏ အစီရင်ခံစာပါ အချက်များအပေါ် ပြန်လည်ရှင်းလင်းခြင်း အထူး သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ(၅)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည်။



ရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေး မှူး နိုင်ငံတော်သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာများကို အသိပေးလိုသည်မှာ ယနေ့ နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ် နှင့်ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပါကြောင်း၊ နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ဖြစ်စဉ်များ နှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ရေး ဆောင် ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း။
အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲများ၊ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်သွား မည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသည် အစီရင်ခံစာပါ အချက် များ နှင့်ပတ်သက်ပြီး ပြန်လည်ရှင်းလင်း တင်ပြရန် ဖြစ်ပါကြောင်း၊ Human Rights Watch (HRW)မှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများ မီးလောင်မှု နှင့်စပ်လျဉ်းပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ချက် အပေါ်မူတည်ပြီး ဘန်ကောက်ပို့စ်သတင်းစာမှ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါ ကြောင်း၊ HRW ၏ သတင်းထုတ်ပြန်ချက် အပေါ်အခြေခံပြီး ထုတ်ပြန်သွားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စ နှင့်စပ်လျဉ်းပြီး တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှလည်း ထုတ်ပြန် ထားပြီး ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် HRW ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လက်တွေ့မြေပြင်၌ ပြန်လည်စိစစ်မှုများ ပြုလုပ်ပြီး ရရှိလာသည့် သတင်းအချက် အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဟု ကြေညာထားပါကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်တွင် စတင်ဖြစ်ပွားခဲ့သော မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဘန်ကောက်ပို့စ်မှ နိုဝင်ဘာ ၁၄ ရက် မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ အလားတူ အခြားမီဒီယာများတွင်လည်း သတင်းများ ပါရှိခဲ့ပါ ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ခေါင်းဆောင် များ တွေ့ဆုံပြီး လက်တွေ့မြေပြင် အခြေအနေများ သိရှိနိုင်ရန်  တပ်မတော်မှ ရဟတ်ယာဉ် များဖြင့်  ၀ါးပိတ်ကျေးရွာ၊ ကြက်ရိုးပြင်ကျေးရွာ၊ ပြောင်ပိုက်ကျေးရွာ၊ ဒါးကြီးဇားကျေးရွာ ပတ်ဝန်းကျင်နယ်မြေများကို ဓာတ်ပုံရိုက်ကူးခြင်း၊ မျက်မြင်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပါ ကြောင်း၊ အဆိုပါဒေသများသို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်စစ်ဆေးရာ၌ ၀ါးပိတ်ကျေးရွာမှ အဆောက်အဦ ၁၀၅ လုံး၊ ကြက်ရိုးပြင်ကျေးရွာမှ အဆောက်အဦအလုံး ၃၀၊ ဒါးကြီးဇားကျေးရွာမှ အဆောက်အဦအလုံး ၃၀နှင့် ပြောင်ပိုက်ကျေးရွာမှ အဆောက်အဦအလုံး ၂၀ မီးလောင်ပျက်စီးခဲ့သည်ကို တပ်မတော် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ပါ ကြောင်း၊ Human Rights Watch (HRW)၏ အစီရင်ခံစာပါ အချက်များ နှင့်စပ်လျဉ်း၍ တိကျစွာ သတင်းထုတ်ပြန်နိုင်ရန် မြေပြင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ ရခိုင်ပြည်နယ်၏ နောက်ဆုံး အခြေ အနေများကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
အဆိုပါ ရှင်းလင်းပြောကြားချက်များအား သတင်းထုတ်ပြန်ချက်ဖြင့် သီးခြားဖော်ပြထား ပြီး Power Point တင်ပြချက်မှ ဓာတ်ပုံနှင့် ဇယားအချို့ကို သီးခြားဖော်ပြ ထားပါသည်။






ထို့နောက် ကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေး အေးစိုးက ကော်မတီအတွင်းရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်းပြောကြားချက်များကို အင်္ဂလိပ် ဘာသာဖြင့် ပြန်လည်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပြန်လည်ရှင်းလင်းဖြေကြားသည်။
မောင်တောဒေသအား စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်ထားခြင်း၊ ရဟတ်ယာဉ် သုံးစွဲခြင်း နှင့်စပ်လျဉ်း၍ ဦးဇော်ဌေးက မောင်တောဒေသသည် ပဋိပက္ခဖြစ်စဉ်၊ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားနေသည့်အတွက် စစ်ဆင်ရေးနယ်မြေ အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ရဟတ်ယာဉ်၏ စွမ်းပကားအား အသုံးပြုရာတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ထိန်းသိမ်းသုံးစွဲခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ် ပထမဆုံးအသုံး ပြုသည်မှာ စစ်ကြောင်းမှူး ထိခိုက်ခဲ့သည့်အတွက် ရဟတ်ယာဉ် စေလွှတ်ခြင်း ဖြစ်ကြောင်း၊ ရဟတ်ယာဉ်တွင်  စက်သေနတ်အမျိုးအစားကိုသာ အသုံးပြုခြင်းဖြစ်ကြောင်း၊ ဒုံးကျည်၊ ဗုံးများ အသုံးပြု၍ ရသော်လည်း အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှု  အနည်းဆုံးဖြစ်စေရန် ကန့်သတ်၍ သုံးခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
မီဒီယာများအား သတင်းယူခွင့် နှင့်ပတ်သက်၍ စီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဦးဇော်ဌေးက အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေဆိုရန် နှစ်ပိုင်း ရှိပါကြောင်း၊ နံပတ်တစ်အပိုင်းမှာ သတင်းထုတ်ပြန်မှု အပိုင်းဖြစ်ကြောင်း၊  သတင်းထုတ်ပြန်မှု အပိုင်းတွင် ကော်မတီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်သည် ဖြစ်စဉ်ဖြစ်ရပ်များ နှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန်ဖြစ်ကြောင်း၊ မနက်ဖြန်မှ စတင်၍ ကော်မတီမှ မြေပြင် သတင်းရရှိမှုအား ဖြစ်ဖြစ်ချင်း အမြန်ဆုံး ထုတ်ပြန်ပေးရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ နံပါတ်နှစ်အချက်မှာ မြေပြင်တွင် မီဒီယာများ သတင်းယူခွင့်နှင့် ပတ်သက်၍ လက်ရှိ မောင်တော အခြေအနေမှာ တည်ငြိမ်မှုကို ပြန်ထိန်းနေသည့် အခြေအနေဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြေပြင်အား သံတမန်များ စေလွှတ်သကဲ့သို့ ဆောင်ရွက်ပေးရန် စီစဉ် နေပါကြောင်း၊ လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းအဖွဲ့စေလွှတ်ထားပါကြောင်း၊ မောင်တောတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးစီး၍ မြေပြင်အခြေအနေ သတင်း များ ရယူလျက်ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ညှိနှိုင်း၍ စေလွှတ်ခြင်းဖြစ်ကြောင်း၊  ထိုသို့စေလွှတ်သည့်အခါတွင် ၄င်းတို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးယူပေးရန်  နှင့် အစိုးရအပိုင်းမှ ကူညီပံ့ပိုးပေးရန် ညှိနှိုင်းပြီး  စေလွှတ်ခြင်းဖြစ်ကြောင်း၊  လက်တွေ့ မြေပြင်တွင်ဆောင်ရွက်နေသည့် ရှေ့ပြေးအဖွဲ့ ဆောင်ရွက်ချက်၊ သတင်းယူ သည့် အနေအထားအပေါ်မူတည်၍ ပုဂ္ဂလိကမီဒီယာများကို စေလွှတ်မည်ဖြစ်ပါကြောင်း၊ လွှတ်သည့်အခါတွင် လူများစွာဖြင့် လွှတ်၍မရကြောင်း၊  မိမိတို့အနေဖြင့် မီဒီယာ အစုံပါအောင် ရည်ရွယ်၍လွှတ်ဖို့ရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တိုက်ပွဲများနှင့်ပတ်သက်၍ လိုက်ပါသတင်းယူရာတွင် ကန့်သတ်ချက်များရှိ ကြောင်း၊ စည်းမျဉ်းစည်းကမ်းများလည်း များစွာရှိကြောင်း၊ နိုင်ငံတကာတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံများရှိခဲ့သော်လည်း မိမိတို့နိုင်ငံတွင် နည်းနေသေး ကြောင်း၊ ထိုသို့နည်းသည့်အတွက် လုံခြုံရေးမထိခိုက်စေရန်နှင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကိုလည်း ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် Conflict, Sensitive, Journalism နှင့်ပတ်သက်၍ မည်သို့ ရွေးချယ်မည်၊ အဆိုပါသတင်းများအား မည်သို့ရယူမည်ဆိုသည်ကို မီဒီယာနှင့် မိမိတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
သတင်းများအား အချိန်နှင့်တစ်ပြေးညီ မည်သို့ထုတ်ပြန်မည်၊ ဘယ်ကပေးပို့သည့် သတင်းအချက်အလက်များကို အခြေခံပြီးထုတ်ပြန်မည်။ မြေပြင်တွင် သတင်းအချက်အလက် များ စုစည်းမည့်  သတင်းကွန်ရက်များ ဖွဲ့စည်းမှုအခြေအနေ နှင့်စပ်လျဉ်း၍ ဦးဇော်ဋ္ဌေးက ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မတီရုံးကို နိုင်ငံတော်သမ္မတအိမ်တော် အောက်ထပ် တွင် ရုံးခန်းဖွင့်ထားပြီး တာဝန်ရှိသူများအားလုံး ရုံးချိန်တွင် ရုံး၌ ရှိမည်ဖြစ်ပါကြောင်း၊ တပ်မတော်မှ ကိုယ်စားလှယ်မှာ ဗိုလ်ချုပ်စိုးနိုင်ဦးဖြစ်ပါကြောင်း၊ ၎င်းသည်တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဒုတိယခေါင်းဆောင်လည်းဖြစ်ပါကြောင်း။
လက်တွေ့မြေပြင်တွင် နေ့စဉ်ဖြစ်စဉ်ဖြစ်ပွားမှုများကို အချိန်နှင့်တစ်ပြေးညီ တပ်မတော် အပိုင်းက ကြေညာမည်ဖြစ်ပါကြောင်း၊ မြေပြင်တွင် ဖြစ်ပွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဆိုင်ရာ လှုပ်ရှားမှုဖြစ်စဉ်များကို ချက်ချင်းတင်ရပါကြောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း၊ ကြေးနန်းဖြင့်သော်လည်းကောင်း တင်ရပါကြောင်း၊  ယင်းသတင်းများအတွက်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကိုယ်စားလှယ်လည်း ရှိပါကြောင်း၊ ကျန်အပိုင်းများကို ရခိုင်ပြည်နယ်အစိုးရ၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပေါင်းစပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်တွေ့ဖြစ်ပြီဆိုသည်နှင့် ချက်ချင်း ကြေးနန်းသတင်း၊ ဖုန်းသတင်း များရရှိနိုင် ရေးဆောင်ရွက်မည်ဖြစ်ပြီး ပြည်စုံသည့်သတင်းရပြီဆိုပါက ထုတ်ပြန် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှုအမြန်ရရှိစေရန်အတွက် အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဓိက အခက်အခဲများ နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယခုဖြစ်စဉ်များ နှင့်ပတ်သက်၍ အမြန်ဆုံးတည်ငြိမ်သည့် အနေအထားသို့ ပြန်ရောက်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိမြေပြင်အခြေအနေတွင် နိုဝင်ဘာ ၁၂ ရက်က ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသည့် ၃၆ ဦးအနက် မိုဟာမက်အစ္စလာမ် အသက်(၄၄)နှစ်သည် ပွင့်ဖြူချောင်း ကျေးရွာတွင် နေထိုင်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရွာသူရွာသားများနှင့်အတူ တိုက်ပွဲ ဖြစ်သည့် နေရာသို့ လိုက်သွားကြောင်း၊ ၄င်း၏ ထွက်ဆိုချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာ သည့် အကြမ်းဖက်သမားများက ၄င်းတို့၏ ကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း။
နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးရမိသည့် ဆာဒူအာမေး (အဖ-အဒူလာ)သည် ကြိမ်ချောင်း ကျေးရွာမှ မြောက်ဘက်ရှိ မြစင်ကျေးရွာသို့ ရွာသားများနှင့်အတူလိုက် လာပြီး စစ်တပ်နှင့် လုံခြုံရေးအဖွဲ့ကို တိုက်ခိုက်အကြမ်းဖက်ရန် ရည်ရွယ်သည်ဟု ထွက်ဆိုထားကြောင်း။
နိုင်ငံတကာ သံတမန်များသွားရောက်စဉ် အင်္ဂလိပ်စာဖြင့်ရေးထားသည့် ဒေသခံများ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များကို ၄င်းတို့ကိုယ်တိုင် သိရှိနားလည်မှု ရှိ/မရှိ မေးမြန်းရာ မသိကြောင်း၊ ထိုဆိုင်းဘုတ်များ ဘယ်ကရလဲ မေးမြန်းရာ ဖုန်း Viber မှ ပို့ပေးခြင်း ဖြစ်ကြောင်းပြန်ဖြေပြီး မည်သူပေးသည်ကိုမေးမြန်းရာ မဖြေကြကြောင်း၊ ယခုမောင်တော ပဋိပက္ခဖြစ်စဉ်သည် ပုံမှန်ရိုးရိုးရှင်းရှင်း စဉ်းစား၍မရကြောင်း၊ အစွန်းရောက်များ၏ စိတ်ထဲတွင် တပ်နှင့်ရဲလာလျှင် မည်သို့တုံ့ပြန်ရမည်ကိုသာ ပြင်ဆင်နေကြောင်း၊ တစ်ဖက်မှ လုံခြုံရေး စည်းကမ်းများ သတ်မှတ်ထားသော်လည်း ပြည်ပမှ အကြံအစည်များဖြင့် ၀င်ရောက်နေခြင်း ဖြစ်၍ ရေရှည်တွင် ခိုင်ခိုင်မာမာ ကိုင်တွယ်နိုင်ရန် တာဝန်နှစ်ရပ်ဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ စည်းရုံးခံထားရသည့် အစွန်းရောက်များကို အစွန်းရောက်စိတ် ပပျောက်သွား အောင် ရေရှည်ဆောင်ရွက်ရန်၊ နှစ်ဖက် တည်ငြိမ်လုံခြုံ အေးချမ်းစွာ နေထိုင်နိုင်သည့် ပတ်ဝန်း ကျင်ကို ဖန်တီးသွားရန်ဖြစ်ကြောင်း၊ သို့သော် လက်တွေ့မြေပြင်တွင် ရွာသားနှင့် တိုက်ခိုက် သည့် အကြမ်းဖက်သမားများမှာ ရောနှောနေ သဖြင့် ဖြေရှင်းရန်ခက်ခဲကြောင်း၊ အချိန်ယူပြီး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အမြန်ဆုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဆောင်ရွက်နေပါ ကြောင်း၊ ယင်းဒေသရှိအမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုအား စုံစမ်းမေးမြန်းရာ မရှိဟု ဖြေဆိုပါကြောင်း၊ ယခုကဲ့သို့ ဆူပူမှုများဖန်တီးသည်မှာ တတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအပိုင်းနှင့်လည်း ချိတ်ဆက်၍ လှုပ်ရှား နေမှုများလည်း ရှိကြောင်း ဖြေကြားသည်။
ထို့ပြင် နောက်ပိုင်းမှ လှုံ့ဆော်ပေးနေသည့် အဖြစ်အပျက်များ ကိုလည်း တွေ့နေရပါ ကြောင်း၊ အောက်တိုဘာ (၉)ရက်က လုံခြုံရေးတပ်ဖွဲ့ကို လာတိုက်ခိုက်သည်မှာ ဆွပေးသည့် ပုံစံဖြစ်နေပြီး တစ်ဖက်တွင်လည်း ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များကို ဖြုတ်ချပေးရန် တောင်းဆိုရာ အားလုံးက သဘောတူပြီး ဖြုတ်ချ ပေးခဲ့သည်ကို မလိုလားသဖြင့် ဆူပူမှု မဖြစ်ဖြစ်အောင် ပြန်ပြီးလှုံ့ဆော်နေ ခြင်းသာဖြစ် ကြောင်း၊ မြန်မာအစိုးရက မလိုက်နာဟု ထင်မြင်လာအောင် ဖန်တီးလုပ်ဆောင်နေခြင်း ဖြစ်သော်လည်း ဆူပူမှုများကို ပြန်လည်တည်ငြိမ်မှုရရှိစေရန် နိုင်ငံတကာဥပဒေနှင့်အညီ ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဖြေရှင်းနေပြီး တပ်အင်အားကိုလည်း လိုအပ်သည် ထက် ပိုမသုံးဘဲ နယ်မြေအေးချမ်းရန်၊ တည်ငြိမ်ရန်အတွက်သာ သုံးစွဲဖြေရှင်းခဲ့၍ တည်ငြိမ်လာချိန် တွင် သံမတန်အဖွဲ့ ကွင်းဆင်းသွားရောက် ကြည့်ရှုသည့်အခါ ဆန္ဒပြသူများ ကိုင်ဆောင်သော ဆိုင်းဘုတ်များမှာ တစ်ဖက်မှ တယ်လီဖုန်းဖြင့် အချက်အလက်ပေး၍ လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဖြည့်စွက်ဖြေကြားသည်။
ရခိုင်ပြည်နယ် ဖြစ်စဉ်များအပေါ် တပ်မတော်၏ ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့်  မေးခွန်းအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦးက  ရခိုင်ပြည်နယ် ဖြစ်စဉ်ကို ပြန်ကြည်မည်ဆိုပါက အကြမ်းဖက်သောင်းကျန်းသူ များသည် နိုင်ငံ၏အချုပ်အခြာအာဏာကို စတင်ထိပါးခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင် လုံခြုံ ရေး တပ်ဖွဲ့ဝင်များရှိသည့် နယ်ခြားစောင့်စခန်း (၄)နေရာကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုများကြောင့် လက်နက်(၆၅)လက် ဆုံးရှုံးခဲ့ ရပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် (၁၀) ဦးကျဆုံးခဲ့သဖြင့် အဆိုပါဖြစ်စဉ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတော် အစိုးရကို တင်ပြခဲ့ရာ နိုင်ငံတော်အစိုးရက ခွင့်ပြုသည့်အတိုင်းအတာအထိ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ တပ်မတော်၏ စွမ်းရည်အရ ဆောင်ရွက်၍ ရပါကြောင်း၊ တပ်မတော်၏ လေတပ်၊ ကြည်းတပ်နှင့် သံချပ်ကာ စစ်ဆင်ရေး စွမ်းရည်လေ့ကျင့်ခန်းများကို မီဒီယာများအား ဖိတ်ခေါ် ပြသခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာမှ ချမှတ်ထားသည့် ဥပဒေများအရ အင်အားအနည်း ဆုံးဖြင့်ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊
ရဟတ်ယာဉ်သုံးစွဲမှု နှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် တပ်မတော်မှ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦး ထိခိုက်ခဲ့ပါကြောင်း၊ အကြမ်းဖက်အင်အား ၈၃၀ ကျော်ခန့်ရှိပါ ကြောင်း၊ အဆိုပါအကြမ်းဖက် အဖွဲ့တွင် သေနတ်ကိုင်အကြမ်းဖက်သမား ၃၀ ဦးခန့်ပါ ရှိပြီး ကျန်သူများမှာ ဓား၊ လှံနှင့် လေးဂွ တို့ကို ကိုင်ဆောင်ထားပြီး သုံးနေရာခွဲ၍ ၀ိုင်းဝန်း တိုက်ခိုက်ပါကြောင်း၊ တပ်မတော်အနေဖြင့် ပထမဦးစွာ အဓိကရုဏ်းနှိမ်နင်းရေး လက်နက် ဖြစ်သည့် ရာဘာကျည်ဆံဖြင့် ပစ်ခတ်ခဲ့ပါကြောင်း၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် တပ်ရင်းမှူးအဆင့်ရှိ တပ်မတော်အရာရှိ ထိခိုက်ခဲ့ရပါကြောင်း၊ ထိုသို့အ၀ိုင်းခံထားရခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်ပြီး တပ်မတော်သားများ ထိခိုက်နိုင်ပါကြောင်း၊ ထို့ကြောင့် ရဟတ်ယာဉ် စေလွှတ်၍ ဒဏ်ရာရသည့် တပ်မတော်စစ်ကြောင်းမှူးနှင့် တပ်မတော်သားများကို ကယ်ထုတ်ခဲ့ရပါကြောင်း၊ လက်နက်ကြီးများ၊ ဗုံးများအသုံးမပြုခဲ့ပါ ကြောင်း၊ ၇ ဒသမ ၆၂ ကျည်သုံး စက်သေနတ်ကိုသာ အသုံးပြုခဲ့ကြောင်း၊ တပ်မတော်သည် ဂျီနီဗာကွန်ဗင်းရှင်းမှ ချမှတ်ထားသည်ကို အတိအကျလိုက်နာပါကြောင်း၊ တပ်မတော်သား တိုင်းသည် တပ်မတော်သား တိုင်းကျင့်သုံးရမည့် ကျင့်ဝတ် ၆၀ ကို လိုက်နာကျင့်သုံးရပါ ကြောင်း၊ အဆိုပါကျင့်ဝတ်များကို တပ်မတော် တပ်သားအဆင့်မှ ကာကွယ်ရေးဦးစီးချုပ် အဆင့်ထိ လိုက်နာကျင့်သုံးရပါ ကြောင်း၊
သတင်းရယူခွင့် နှင့်စပ်လျဉ်း၍ ရန်သူသည်ယူနီဖောင်းဝတ်၍ တိုက်ခိုက်နေခြင်း မဟုတ်ပါကြောင်း၊ ရန်သူ့စခန်း ဘယ်နေရာမှာရှိသည်ကို အတိအကျမပြောနိုင်ပါကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ မှာ ချောင်းမြောင်းတိုက်ခိုက်ခံနေရပြီး လုံခြုံမှုကို အာမခံရန်ခက်ခဲသဖြင့် စစ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ထားပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက် များ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment