Tuesday, November 1, 2016

ကင်းမွန်(ပြည်ကြီးငါး) ပြုတ်၊ခြောက်လုပ်ငန်း စက်ရုံများ စစ်ဆေး

မြိတ် အောက်တိုဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံတွင် ကင်းမွန်(ပြည်ကြီးငါး)များကို ၀ယ်ယူစုဆောင်းသည့် စက်ရုံများနှင့် ပြုပြင်မွမ်းမံ(ပြုတ်ခြောက်လုပ်ငန်း)စက်ရုံများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ပြုပြင်မွမ်းမံ (ပြုတ်ခြောက် လုပ်ငန်း) စက်ရုံတစ်ချို့တွင်  ကျောက်မီးသွေးသုံး ရေနွေးငွေ့ဘွိုင်လာစက် အသုံးပြုရန် ကျောက်မီးသွေးများ စုဆောင်းထားရှိကာ ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုရန် စီစဉ်ဆောင်ရွက်နေသည်ကို မြိတ်ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။






ထင်းအသုံးပြု ဘွိုင်လာစက်များနေရာတွင် ကျောက်မီးသွေးအစားထိုးအသုံးပြုရန် စုဆောင်းထားရှိသော LM ကုမ္ပဏီနှင့် AAA ကုမ္ပဏီတို့အား အောက်တိုဘာလ(၃၁)ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့်  တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြရာ ကျောက်မီးသွေး စုဆောင်းထားရှိမှုနှင့် AAA ကုမ္ပဏီတွင် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဘွိုင်လာစက်တပ်ဆင်မှုရှိမှုအား တွေ့ရှိခဲ့ကြသည်။
ကျောက်မီးသွေးသုံး ရေနွေးငွေ့ဘွိုင်လာစက်ကို ထင်းများရှားပါးလာမှုကြောင့် ထင်းအစားထိုးလောင်စာ အဖြစ် ကျောက်မီးသွေး အသုံးပြုရန် ဒီနှစ်မှ ၀ယ်ယူတပ်ဆင်ထားကြောင်း၊ ကျောက်မီးသွေး စုဆောင်းထားသည်မှာ (၆)တန်ခန့်ရှိပြီ ဖြစ်ကြောင်း၊ စက်လည်ပတ်မှုဆောင်ရွက်ရန် အစီအစဉ်ကို အထွေထွေအုပ်ချုပ်ရေးနှင့် ငါးဦးစီးဌာနကိုသာ တင်ပြထားပြီး စက်ရုံလည်ပတ်မှုမရှိသေးကြောင်း AAA ကုမ္ပဏီ မန်နေဂျာ ဦးရဲလင်းက ပြောသည်။
ကျောက်မီးသွေးအသုံးပြုမည်ကို ပြည်သူများ စိုးရိမ်စိတ် မဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးစေလိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး က ပြောသည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံတွင် ကင်းမွန်(ပြည်ကြီးငါး)များကို ကုမ္ပဏီ(၆)ခု၊ ဒေသခံလုပ်ငန်းရှင်(၇)ဦး ဆောင်ရွက်လျက် ရှိကြပြီး ၎င်းကုမ္ပဏီများကို ၀ယ်ယူစုဆောင်းခွင့်နှင့် ပြုပြင်မွမ်းမံ(ပြုတ်ခြောက်လုပ်ငန်း) ဆောင်ရွက်ရန်သာ ခွင့်ပြုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )


No comments:

Post a Comment