Monday, October 3, 2016

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ပြန်လည်သုံးသပ်မှုတွင် UNDP ဘက်မှ ပြည်တွင်း၊ ပြည်ပ ပညာရှင် ကူညီထောက်ပံ့ ပေးရန် ကိစ္စဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme - UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃ဝ ရက် ညနေ ၃ နာရီခွဲက နေပြည်တော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့အကြား
ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဝန်ထမ်းများ၏ ကျင့်ဝတ်၊ အခွင့်အရေး တန်းတူညီမျှရှိမှုနှင့် အရည်အချင်း အပေါ်မူတည်၍ တာဝန်ပေးအပ်ခြင်းတို့အပေါ် စစ်တမ်းကောက်ယူရေးဆိုင်ရာ အစီရင်ခံစာ အပြီးသတ်ထုတ်ပြန်ရေးကိစ္စ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသည့် စီမံခန့်ခွဲရေးသင်တန်းများတွင် (UNDP) က ပါဝင်ကူညီမှုဆောင်ရွက် သည့်ကိစ္စများ၊ ပြည်သူ့ဝန်ထမ်းများ၏ ပြည်သူ့အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအဖြစ် မြန်မာနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ချက် မူဘောင်ရေးဆွဲရာတွင် ပညာရှင်ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ပြန်လည် သုံးသပ်မှုတွင်(UNDP) ဘက်မှ ပြည်တွင်း၊ ပြည်ပပညာရှင် ကူညီထောက်ပံ့ပေးရန်ကိစ္စများ၊ Civil Service Academy တည်ထောင်၍ ပြည်သူ့ဝန်ထမ်းများ (အစိုးရနှင့် ပုဂ္ဂလိက) လေ့ကျင့် မွေးထုတ်ပေးမည့်အစီအစဉ်တွင် UNDP ဘက်မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက သင်ကြားပို့ချမှု အကူအညီပေးရေးကိစ္စ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် များ၌ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများတွင် သင်ခန်းစာများ ပို့ချရေးအတွက် ဘာသာရပ်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင် ပညာရှင်အုပ်စုများ ဖွဲ့စည်းထား ရှိနိုင်ရေး ထောက်ပံ့ပေးရေးကိစ္စရပ်များနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့အကြား ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

No comments:

Post a Comment