Monday, October 3, 2016

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်ရှိ ဟိုတယ်အေစီအီး အင်းဝဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ဦးဆောင်သည့် ကော်မတီအဖွဲ့ ခေါင်းဆောင်များ၊ AIPA အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အီဆာရာ ဆွန်သွန်ဗက်တို့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

တောင်တရုတ် ပင်လယ်အရေးနှင့် စပ်လျဉ်း၍ မေးခွန်းကိုဖြေကြားရာတွင် တောင်တရုတ်ပင်လယ်ကိစ္စရပ်ကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ ခြင်းမရှိပါကြောင်း၊ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဆိုတွင် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတို့ကို ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ညီညွတ်စွာဖြေရှင်းမည်ဟု ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးမှုတွင် အာဆီယံ၏ ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နမူနာအနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ထည့်သွင်းဆုံးဖြတ်ရန် မလိုအပ်ဟု တက်ရောက်လာကြသူများက ယူဆသည့်အတွက် ဆုံးဖြတ်ချက်တွင် ပါဝင်ခြင်းမရှိပါ ကြောင်း ဖြေကြားသည်။
ပြည်ပရောက် ရွှေ့ပြောင်းအလုပ် သမားများအရေး မေးမြန်းမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရှိ ရွှေ့ပြောင်း အလုပ်သမားများ၏အရေးကို ဆွေးနွေးခဲ့ပြီး သဘောတူညီမှုများလည်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ သဘော တူညီမှုတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အရေးကို အားလုံးကကာကွယ်ပေးရန် တာဝန်ရှိပါကြောင်း၊ ထို့ပြင် လက်ခံထားသည့်နိုင်ငံ၊ ပို့ဆောင်ပေးသည့် မူရင်းနိုင်ငံများအနေဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများအတွက် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ခလစာနှင့် ပတ်သက်၍ တူညီသောအလုပ်အကိုင် များအတွက် မည်သူမဆို တူညီသော လုပ်ခလစာရရှိရေးကို ရှေးရှုဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ တွင် ပြဋ္ဌာန်းထားသည့် သဘောတူညီချက်များကိုလည်း အဖွဲ့ဝင်နိုင်ငံများတွင် ဥပဒေပြဋ္ဌာန်းသွားရန် သဘောတူညီမှု ရရှိခဲ့ပါကြောင်းဖြေကြားသည်။

လွှတ်တော်၏ ဥပဒေပြုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ မေးခွန်းကို ညီလာခံ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အီဆာရာ ဆွန်သွန်ဗက်က ဖြေကြားရာတွင် မြန်မာလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းစဉ်များအပေါ်တွင် ယုံကြည်မှု အပြည့်အဝရှိ ပါကြောင်း၊ မူဝါဒများ ချမှတ်ဆောင်ရွက်နေမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အားရ ကျေနပ်မိပါကြောင်း ဖြေကြားသည်။

No comments:

Post a Comment