Friday, October 28, 2016

ဈေးကွက်မြှင့်တင်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာသင်တန်း ကျင်းပပြုလုပ်


 နေပြည်တော် အောက်တိုဘာ ၂၈

UK Aid ၏ အထောက်အပံ့ဖြင့်စက်မှုဝန်ကြီးဌာနနှင့် DaNa Facilities တို့ ပူးပေါင်း၍ “ဈေးကွက်မြှင့်တင်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး မဟာ ဗျူဟာ ဆိုင်ရာသင်တန်း”ကို အောက်တိုဘာ (၂၆)ရက်မှ (၂၈)ရက်အထိ နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ယခု သင်တန်းသည်  နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများရေရှည် ရပ်တည်နိုင်ရေးအတွက် လိုအပ်သော ဈေးကွက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခင်က နိုင်ငံပိုင်စက်ရုံများအနေဖြင့် ပြည်တွင်း ဈေးကွက် တစ်ခုလုံးတွင် Market Share အများဆုံးရရှိထားပြီးဖြစ်သဖြင့် ထုတ်လုပ်မှု တစ်ခုတည်း ကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလာချိန်တွင် ဈေးကွက် အတွင်း၌ ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကစက်မှု ထုတ်ကုန်များနှင့် ယှဉ်ပြိုင်မှုများ အလွန်များပြားလာကြောင်း။

စက်မှုဝန်ကြီးဌာနအနေဖြင့် အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ပစ္စည်းကိရိယာများကို ဈေးနှုန်း သက်သာစွာဖြင့် တောင်သူများ လက်ဝယ်အရောက် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက် လုပ်သားအခြေပြုစက်မှု လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာအောင် အဖက်ဖက်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ချည်မျှင်နှင့်အထည်အလိပ် ထုတ်ကုန်များ အတွက် အရည်အသွေးနှင့် စံချိန်စံနှုန်းများ အာမခံချက်ရှိစေရန် Textile Testing & Inspection Body တစ်ခု တည်ထောင်နိုင်ရန် ကိုရီးယားနိုင်ငံမှ Korea Apparel& Textile Research Institute (KATRI)နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

သင်တန်းပထမနေ့တွင် လယ်ယာသုံးစက်ပစ္စည်း ထုတ်ကုန်များနှင့် ချည်မျှင်နှင့် အထည်အလိပ် ထုတ်ကုန်များ အတွက် ဈေးကွက်ဝင်ရောက်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေး အတွက်ဆောင်ရွက်ရမည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုတိယနေ့တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ရာတွင် လိုက်နာရမည့် အခြေခံအချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ တတိယနေ့တွင် နိုင်ငံပိုင်စက်မှု လုပ်ငန်းများ၏ စီးပွားရေးစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာ စေရေးအတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာ၌ လက်ခံကျင့်သုံးလျက် ရှိသည့် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှု ပုံစံအမျိုးမျိုးတို့ကိုလည်းကောင်း သင်တန်း ဆရာ Mr. Andreas Saldiasနှင့် Mr. Bruce Giddings မှ ဆွေးနွေးပို့ချခဲ့ကြပါသည်။ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသားများမှ စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်စက်ရုံများ၏ လက်ရှိအခြေအနေ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရန် စီစဉ်ထားရှိမှု အခြေအနေ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအရ တိုးတက်မှုနှင့်အတူ ကြုံတွေ့နေရသော အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ဖြေရှင်း ဆောင်ရွက်သင့်သည့် နည်းလမ်းနှင့် လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment