Friday, October 28, 2016

နယ်မြေတည်ငြိမ်အေးချမ်းသော နေရာများတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

မောင်တော အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အောက်တိုဘာ (၉)ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ဆရာ/ဆရာမများ နေရပ်သို့ ပြန်သွားခဲ့ကြရာမှ  ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းသော နေရာများတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက် ရှိသည်။


မောင်တောခရိုင်တွင် အထက်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၈)ကျောင်းနှင့် မူလတန်း ကျောင်း (၃၇၅)ကျောင်း စုစုပေါင်း စာသင်ကျောင်း(၄၀၂) ကျောင်းရှိပြီး ကျောင်းအားလုံး ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ အထက်တန်းကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်းနှင့် မူလတန်းကျောင်း (၃၆)ကျောင်း စုစုပေါင်းကျောင်း (၅၀)ပြန်လည် ဖွင့်လှစ်၍ ပုံမှန်အတိုင်း စာသင်ကြားလျက် ရှိသည်။

လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်ရန်ကျန်ရှိသည့် အထက်တန်းကျောင်း (၄) ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်းနှင့် မူလတန်းကျောင်း (၃၃၉)ကျောင်း စုစုပေါင်း (၃၅၂)ကျောင်းအား လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး   အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မောင်တောခရိုင် ပညာရေးမှူးရုံးအနေဖြင့် အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်းရှိ ၁၈၃ ကျောင်းအနက် ပထမအဆင့် (၂၄) ကျောင်း၊ ဒုတိယအဆင့် (၈၂)ကျောင်းနှင့် လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ပြန်လည်ဖွင့်လှစ်ရန် (၂၈) ကျောင်း ဖြစ်ကြောင်း  သိရသည်။

မောင်တောခရိုင်ရှိ ကျောင်းပေါင်း (၄၀၂)ကျောင်းတွင် အထက်တန်းပြ ဆရာ/ ဆရာမ (၂၁၈)ဦး အလယ်တန်းပြ ဆရာ/ဆရာမ (၆၃၉)ဦးနှင့် မူလတန်းပြ ဆရာ/ဆရာမ (၁၈၀၃)ဦး စုစုပေါင်း ဆရာ/ဆရာမ (၂၂၆၀) ရှိသည့် အနက်  အထက်တန်းပြ (၈၇)ဦး၊ အလယ်တန်းပြ (၁၅၁)ဦးနှင့် မူလတန်းပြ(၁၉၅)ဦးစုစုပေါင်း ဆရာ/ဆရာမ (၄၃၃) ဦးမှာ ၎င်းတို့၏ ဒေသရပ်ရွာများသို့ ပြန်လည် ထွက်ခွာသွားခဲ့ရာ အောက်တိုဘာ ၂၄ ရက် အထိ ပြန်လည် ရောက်ရှိ တာဝန် ထမ်းဆောင်မှုမှာ အထက်တန်းပြ(၂)ဦး၊ အလယ်တန်းပြ (၃)ဦးနှင့် မူလတန်းပြ (၁၁)ဦး စုစုပေါင်း (၁၆)ဦးဖြစ်ကြောင်း၊ အထက်တန်းပြ (၈၅)ဦး၊ အလယ်တန်းပြ(၁၄၈)ဦးနှင့် မူလတန်းပြ (၁၈၄)ဦး စုစုပေါင်း (၄၁၇)ဦးမှာ ပြန်လည် မရောက်ရှိသေးကြောင်း မောင်တောခရိုင် ပညာရေးမှူး ရုံးထံမှ သိရသည်။


(သတင်းစဉ်)

No comments:

Post a Comment