Wednesday, October 26, 2016

ပြည်ပနိုင်ငံများးသို့ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များ အသိပေး ကြေညာထား

နေပြည်တော် အောက်တိုဘာ ၂၆
ပြည်ပနိုင်ငံများသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားအသစ်များအနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများအနက်မှ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက်လုပ်ကိုင် နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်သည် အလုပ်သမား အသစ်များအတွက် တစ်ဆင့်ခံပွဲစားများ၏ လိမ်လည်လှည့်ဖြားမှု အန္တရာယ်မှကင်းဝေးစေရေး၊ ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၏စာရင်းနှင့် သတင်းအချက်အလက်များရရှိနိုင်ရေး၊ ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေးနှင့် ပြည်ပနိုင်ငံများရှိပြဌာန်းထားသည့် ဥပဒေနှင့်အညီအလုပ်သမား အခွင့်အရေးများရရှိနိုင်စေရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ အလည်အပတ် (PV) (Passport for Visit) ဖြင့် သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများသည် နိုင်ငံကူး လက်မှတ်သက်တမ်းတိုးရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ခြင်း၊ အလည်အပတ်ဗီဇာ၏ ခွင့်ပြုကာလ သက်တမ်းကုန်ဆုံးချိန်၌ ပြည်ပနိုင်ငံများတွင် ဖမ်းဆီး ထိန်းသိမ်းခံရနိုင်ခြင်း၊ အလုပ် (PJ) (Passport for Job) ကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် လုပ်ငန်းခွင်လုံခြုံမှုမရှိနိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူများခွဲခြားရန် ခက်ခဲမှုရှိခြင်းတို့အပြင် လူပွဲစားများက ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် အလည်အပတ် (PV) (Passport for Visit) များကိုကြိုတင် ပြုလုပ်၍ နိုင်ငံကူးလ က်မှတ်များကို သိမ်းဆည်းထားပြီး ကုန်ကျငွေများ ပိုမိုတောင်းခံနေမှုကြောင့် မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် အလည်အပတ် (Passport for Job) ဖြင့်  သွားရောက်ရာတွင် ပြည်ပနိုင်ငံများရှိလေဆိပ်များ၌ ထိန်းသိမ်း ခံရခြင်း၊ အရေးယူခံရခြင်းများ ရှိနေပြီး  အလုပ် (PJ) (Passport for Job) ဖြင့် ပြည်ပသို့တရားဝင်သွားရောက်ခြင်း မရှိသဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်ရသကဲ့သို့ မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်နေခြင်းကြောင့် လုံခြုံ စိတ်ချစွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တရားဝင် အလုပ်သမား အသစ် စေလွှတ်မှုများအား အလုပ် (PJ) (Passport for Job) များဖြင့်သာ ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင်အလုပ်ခေါ်စာ (Demand Letter) ရရှိထားပြီး နှစ်နိုင်ငံအလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကြောင့် သတ်မှတ်ချိန်အတွင်း စေလွှတ်နိုင်မှုမရှိသူများအား ၂၀၁၇ ခုနှစ် ဇွန် ၁   ရက်အထိပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြားများပြုလုပ်၍ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံတော်အစီအစဉ်ဖြင့် အထောက်အထားထုတ် ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity -CI) ကိုင်ဆောင်ထားသော အလုပ်သမားများ၊ ပြည်ပနိုင်ငံသို့ ယခင်ကတည်းက ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့်ပြည်ပ နိုင်ငံများမှခွင့်ဖြင့် ပြန်လာကြောင်းခိုင်မာသည့် အထောက်အထားပြနိုင်သည့် အလုပ်သမားများ အကျုံးဝင်မှု မရှိကြောင်း သိရသည်။
အသေးစိတ်သိရှိလိုသည့် အချက်များနှင့် အခက်အခဲရှိပါက အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ် သမားဌာနခွဲ၊ ဖုန်းအမှတ်-၀၆၇-၄၃၀၁၈၆၊ ၄၃၀၁၈၃၊ E-mail – dolmigration@gmail.com သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment