Wednesday, October 26, 2016

မြန်မာ့ကျောက်စိမ်းသမိုင်းတွင် အကြီးမားဆုံး (လုံးစွပ်) ကျောက်စိမ်း အရိုင်းတုံးကြီးအား မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပြသရောင်းချသွားမည်

နေပြည်တော် အောက်တိုဘာ ၂၆
နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်လျက်ရှိသည့် ရတနာတောင်တန်း ကျောက်မျက်ကုမ္ပဏီ၏ ဖားကန့်ရတနာမြေ မက်လင်ချောင် အကျိုးတူ (၂) လုပ်ကွက်အတွင်းမှ ထွက်ရှိသည့် အလေးချိန် စုစုပေါင်းကီလို ၂၁၀၀၀၀ ခန့်ရှိ (တန်ချိန် -၂၁၀)ခန့် လုံးစွပ်ကျောက်စိမ်းအရိုင်းတုံးကြီးကို ခွဲစိတ်ပြုပြင်၍ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်စိမ်းတုံးကြီး သည်မြန်မာ့လုံးစွပ် ကျောက်စိမ်းသမိုင်းတွင် အကြီးမားဆုံးဖြစ်ကြောင်းသိရပြီး လျှိုနာကြီးများ ပါဝင်၍ ကတေခွံမဲ (လုံးစွပ်) ဖြစ်ကာ ယမ်းညက်၊ ယမ်းလတ်ရောနှော ပါဝင်ဖွဲ့စည်းထားကြောင်း၊ ကျောက်သားမညီသည့် ဖြူကြည်အသားခံတွင် ပဲကန်စွန်းကြိုးမျှင်နှင့် ပဲကန်စွန်းလန့်ရိပ်တို့ ပါဝင်ကြောင်း၊ ကွမ်းသွေးကဲ့သို့ အနီရောင်နှင့် အနက်ရောင်အစက်အပြောက်များ ပါဝင်ကြောင်းနှင့် အသားဖြူတွင်အဖြူဆံထိုးမည့် လက္ခဏာများပါဝင်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်းမှ သိရသည်။
ကျောက်စိမ်းတုံးကြီးအား တူးဖော်စဉ် လျှိုနာများ ပဲ့ထွက်၍ အလေးချိန် ကီလို- ၁၇၄၆၀၀ ခန့် (၁၇၄ ဒသမ ၆၀ တန်ခန့်)၊ ၉၃၂၅-ကီလို (၉ ဒသမ ၃၂ တန်ခန့်) ၊ ၁၀၂၇၅-ကီလို (၁၀ ဒသမ ၂၇ တန်ခန့်) ၊ ၅၂၈၀-ကီလို (၅ ဒသမ ၂၈တန်ခန့်) ၊ ၆၈၂၀-ကီလို (၆ ဒသမ ၈၂ တန်ခန့်) နှင့် ကီလို- ၃၇၀၀ (၃ ဒသမ ၇၀ တန်ခန့်) ရှိအစိတ်အပိုင်း  ၆ပိုင်း ကွဲထွက်ခဲ့သည်။
အဆိုပါကျောက်စိမ်းရိုင်းတုံးများအား မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုးငွေကျပ်သိန်း (၇၂၇၈၃၅၀၀၀၀) (၇ ဒသမ ၂၇၈၃) ဘီလီယံသတ်မှတ်ခဲ့ပြီး နိုင်ငံတော်မှ ရတနာခွန် (တွင်းဝခွန်) ငွေကျပ် (၁၄၅၅၆၇၀၀၀၀) (၁ ဒသမ ၄၅၅၆)ဘီလီယံရရှိမည်ဖြစ်သည်။
ထို့ပြင် အခွန်အခများ ပေးသွင်းပြီးနောက် အကျိုးတူစာချုပ်အရ နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ၇၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြသရောင်းချပြီးပါက နိုင်ငံတော်အနေဖြင့် အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းနှင့် ပြပွဲဝန်ဆောင်ခ ၃ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
မင်းမင်းဇော် (ကလေး)

သတင်းဓာတ်ပုံ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း

No comments:

Post a Comment