Tuesday, October 18, 2016

အမျိုးသားအဆင့်နိုင်ငံရေးဆွေးပွဲ ကျင်းပရန်နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသူများ လက်မှတ်ရေးထိုး နိုင်ရန် စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးပြုလုပ်

သတင်း..ရဲခေါင်ညွန့်၊ ဓါတ်ပုံ..ဖိုးထောင်
ရန်ကုန် အောက်တိုဘာ ၁၈
အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲများ ကျင်းပရန်နှင့် NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ရန်အတွက် စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ  အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC)တွင် ကျင်းပသည်။

အစည်းအဝေးတွင် အစိုးရကိုယ်စားငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “ဒီနေ့ပြုလုပ်တဲ့ အစည်းအဝေး ကတော့ စက်တင်ဘာ ၁၆၊ ၁၇ က ပြုလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေအတွက် လုပ်ငန်းလမ်းညွှန် (ToR) ကို ရေးဆွဲဖို့အတွက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတွေ ဘက်က သုံးယောက်စီရွေးချယ်ပြီး ရေးဆွဲခဲ့ပါတယ်။ လုပ်ငန်းလမ်းညွှန် ToR ကို ကျွန်တော်တို့ ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချနိုင်မှ မကြာခင်ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ အတည်ပြု နိုင်မှာပါ။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ မကြာခင်စတင်တော့မယ့် လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် လုပ်ငန်း ကော်မတီရဲ့ ToR ကိုအတည်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီများကိုယ်စား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေတို့က  နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ဦးသုဝေက “မနေ့က ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုအဖွဲ့မှာ အတွင်းရေးမှူးက အဆိုပြုတဲ့ မူဘောင်တွေကို ပြည့်ပြည့် စုံစုံ စေ့စေ့စပ်စပ် အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြတယ်။ ဘက်ပေါင်းစုံ ရှု့ထောင့်ပေါင်းစုံက ဆွေးနွေးခဲ့ကြတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲကြီးကို ဘယ်လိုလုပ်မှာလဲ။ ဘယ်သူတွေက ဦးဆောင်လုပ်မှာလဲ။ ဘာတွေဆွေးနွေးမှာလဲ။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို လုပ်ငန်းအဖွဲ့ကို ဘယ်လိုတင်မလဲ။ လုပ်ငန်းအဖွဲ့က ဘယ်လို စိစစ်မှာလဲ။ UPDJC ကို ဘယ်လို တင်မလဲ။ UPDJC ကသင့်တော်ကောင်းမွန်တာတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို ဘယ်လိုတင် မလဲ။ ဆုံးဖြတ်ချက်တွေကို လွှတ်တော်တင်မယ်။ လွှတ်တော်က ဥပဒေပြုမယ်။ အဲဒီဥပဒေအတိုင်း အစိုးရအဖွဲ့က ဆက်လက် အကောင်အထည်ဖော်ရမယ်။ အဲဒီလိုပုံစံတွေသွားရမှာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့ မူဘောင်ဆွေးနွေးပွဲ ဖြစ်တာကြောင့် ကျွန်တော်တို့ စေ့စေ့စပ်စပ် ဆွေးနွေးကြပါမယ်” ဟုနှုတ်ဆက်စကား တွင်ပြောသည်။
 ယနေ့ပြုလုပ်သည့် မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တက်ရောက်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်ပတ်သက်၍ ပြန်လည် သုံးသပ်ခြင်းကို ဦးစားပေးဆွေးနွေးရန် တောင်းဆိုခဲ့၍ အဆိုပါကိစ္စရပ်များကိုသာ ဦးစားပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
နိုင်ငံရေးပါတီများအစုအဖွဲ့ ၏ UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က “ဒီနေ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးဖို့ပါ။ ပြီးခဲတဲ့ စက်တင်ဘာ အစည်းအဝေးမှာ ကိုးယောက်ပါတဲ့ အလုပ်အဖွဲ့ တစ်ခုဖွဲ့လိုက်တယ်။ အဲဒီအလုပ် အဖွဲ့က ရေးဆွဲ ထားတဲ့ လုပ်ငန်းလမ်းညွှန် ToR ကို ဒီနေ့ဆွေးနွေးဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ပါ။ ဒါပေမဲ့ DPN ဘက်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးမယ့်အစား မူဘောင်ကို အရင်သုံးသပ်တာ မကောင်းဘူးလားဆိုတဲ့ပုံစံမျိုး တင်ပြလာတယ်။ ဒါကြောင့်မို့လို့ အလုပ်အဖွဲ့က ရေးဆွဲထားတဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ အတွက် လုပ်ငန်းလမ်းညွှန် ToR ကို ဒီအစည်းဝေးမှာ ပါဝင်တဲ့ အဖွဲ့အသီးသီးက မနက်ဖြန်မှ ဆက်လက်ဆွေးနွေးမယ်” ဟုပြောသည်။
ထို့ကြောင့် စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်တစ်ခုလုံး သုံးသပ်မှုများ ပြုလုပ်မည်အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အတွက် အတည်ပြုဆွေးနွေး ကြမည်ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ပြုလုပ်ပါက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ခွင် ရှိ/မရှိကို ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်းက “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေပါမယ်။ မပါဘူးဆိုတာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့က ကျွန်တော်တို့ ToR တွေ အတည်ပြုရမယ်။ သက်ဆိုင်ရာ အစုအဖွဲ့တွေ ဖွဲ့ရမယ်ဆိုတော့ အချိန်တော်တော်ပေးရမယ်။ NCA မထိုးပဲ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ သဘောတူညီချက် မရှိပဲ ဆောင်ရွက်လို့မရတဲ့ သဘောဖြစ်တာပေါ့။ ဒီကြားထဲမှာ သူတို့ညှိနှိုင်းလို့ ပြီးသွားမယ်ဆိုရင်တော့ လက်မှတ် ရေးထိုးပြီး ပါလာနိုင်တဲ့ အနေအထားရှိပါတယ်။" ဟုဆိုသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) သည် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ငြိမ်းချမ်းရေး အကြံပေးကော်မရှင်နှင့် ဆွေးနွေးခဲ့သည်။
သမ္မတရုံး၏ ဒုတိယ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက “NCA နှစ်ပတ်လည်နေ့မှာ UNFC နဲ့ ငြိမ်းချမ်းရေး အကြံပေးကော်မရှင်နဲ့ ဆွေးနွေးတယ်။ အဲ့ဒီမှာ UNFC က တောင်းထားတဲ့ အချက်ရှစ်ချက်နဲ့ ပတ်သက်ပြီး လေးချက် သဘောတူတယ်။ ကျန်တဲ့လေးချက်ကို မူအားဖြင့် သဘောတူတယ်။ အသေးစိတ်တော့ ပြန်လည်ဆွေးနွေးရမယ်ဆိုတာ နှစ်ဘက်လုံးက လက်ခံတယ်။ ဒါကြောင့် DPN အနေနဲ့ အခု Framework Review မှာ ပြန်ပါလာတာပါ” ဟု ပြောသည်။
တိုင်ရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) သည် စက်တင်ဘာ ၁၆ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် မူဘောင်ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

ယနေ့အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၈ ဦး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။ စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း ဒုတိယနေ့ အစည်းအဝေးကိုမူ အောက်တိုဘာ ၁၉ နံနက် ၉ နာရီတွင် ရန်ကုန် NRPC ၌ ဆက်လက်ပြုလုပ်သွား မည်ဖြစ်သည်။  

No comments:

Post a Comment