Saturday, October 15, 2016

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ် ရေးထိုးခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော်  အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေး ထိုးခြင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပသည်။




အခမ်းအနားတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် NCA လက်မှတ်ရေးထိုးထား သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
ဆက်လက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၏ အနှစ်ချုပ်အား ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ကရင် အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့က ဖတ် ကြားကြသည်။
အခမ်းအနားအပြီးတွင် NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များသည် အဖွဲ့လိုက် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ NCA လက် မှတ်ရေုးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှ ခေါင်းဆောင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကော်မတီ၊ ကော်မရှင်များမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPWC အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အထောက်အကူပြု အဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ သံတမန်များ၊ NCA အသိသက်သေများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment