Friday, October 28, 2016

မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမား (၁၂၇) ဦးအား ၁၃ ကြိမ်မြောက် MAI လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူ

နေပြည်တော် အောက်တိုဘာ ၂၇
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁) ခုတွင် ဖမ်းဆီး ထိန်းသိမ်းခံရသည့် မြန်မာ နိုင်ငံသားများ အနက် C of I ရရှိပြီး မြန်မာနိုင်ငံသား (၁၂၇) ဦးနှင့် ရင်ခွင်ပိုက် ကလေး (၁) ဦးတို့သည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ လှူဒါန်းမှုအရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှ မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း MAI လေယာဉ် ဖြင့် အောက်တိုဘာ ၂၇ ရက်  နံနက် ၁၂ နာရီ မိနစ်၅၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။    
ပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများအား ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ အလုပ်သမား တစ်ဦးလျှင် ကျပ်တစ်သိန်းစီနှင့် တီရှပ်၊ ဦးထုပ်တို့ကို ထောက်ပံ့ ကူညီပေးခဲ့ပြီး နေရပ်သို့ ချက်ချင်း ပြန်နိုင်ခြင်း မရှိသူများအား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဓမ္မာရုံ၌ နေရာချထားပေးကာ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး ဝန်ထမ်းများမှ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးခဲ့သည်။
မလေးရှားနိုင်ငံ၊ ထိန်းသိမ်းရေးစခန်း (၁၁) ခုမှ C of I ဖြင့် ပြန်လာသည့် အလုပ်သမားများအား နိုင်ငံတော် အစီအစဉ်ဖြင့် သြဂုတ် ၈ ရက်မှစ၍ ပြန်လည်ခေါ်ယူ လျက်ရှိရာ ယခုအကြိမ်အထိ အလုပ်သမား စုစုပေါင်း ၁၇၆၈ ဦးနှင့် ရင်ခွင်ပိုက်ကလေး ၇ ဦးတို့ကို ပြန်လည် ခေါ်ယူပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment