Friday, October 28, 2016

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်- အောက်တိုဘာ ၂၇
ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ကိုရီးယား သမ္မတနိုင်ငံ အင်ချွန် လေဆိပ်သို့ အောက်တိုဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်မှ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Lee Baek-soon နှင့် တာဝန်ရှိသူများ၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုကြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်သို့ ရောက်ရှိကြပြီး ဧည့်သည်တော်မှတ်တမ်း ၌ လက်မှတ်ရေးထိုးသည်။ ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော် ပင်မအစည်းအဝေး ခန်းမအတွင်း ကြည့်ရှု လေ့လာရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment