Friday, October 28, 2016

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ဆဋ္ဌမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကို ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၇

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ရေဆင်းကန်ဦး ပရိယတ္တိစာသင် တိုက်ပဓာန နာယက ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသထံမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမှူးပြုသော ပရိသတ်အပေါင်းတို့က ကိုးပါး သီလခံယ ဆောက်တည်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မဟာဝိဇိတာရုံ ဆရာတော်ကြီးထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီး ချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့က မဟာဝိသုတာရာမ ဈေးကုန်း ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပျဉ်းမနားမြို့၊ မဟာ ၀ိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ကထိန် အနုမောဒနာ တရားနာယူကြပြီး ရေစက် သွန်းချအမျှ ပေးဝေကြသည်။
အခမ်းအနား အပြီးတွင် သံဃာတော် အရှင်သူမြတ်တို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။
ယနေ့ပြုလုပ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ဆဋ္ဌမအကြိမ် မိသားစု မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၁ ခု၊ တန်ဖိုးငွေကျပ် ၆၈၁ သိန်း ကျော် ပါဝင် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment