Wednesday, October 12, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး H.E. Mr. Bert Koenders အား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၂

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး H.E. Mr. Bert Koenders အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ဧည့်သည်တော်ဝန်ကြီးက ယခုရီးစဉ်တွင် ရခိုင်ဒေသသို့ သွားရောက် ခဲ့မှု၊ ရခိုင်ဒေသ၏ ပဋိပက္ခ ကြီးမားမှု အခြေအနေ၊ မတူညီသည့် လူမှုအသိုက်အ၀န်း နှစ်ခုအား ပေါင်းစပ်ရန်ခက်ခဲမှု အခြေအနေများ၊ စိန်ခေါ်မှုများနှင့် တပ်မတော်၏ သဘောထားအမြင်ကို ဆွေးနွေးမေးမြန်းရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် အရေးကိစ္စများသည် ဘာသာရေး ပဋိပက္ခများမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လိုက်နာရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် နံပါတ်တစ်ဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်သည်များကိုလည်း နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။


ဆက်လက်၍ မိမိနိုင်ငံ ဗြိတိသျှ ကိုလိုနီ လက်အောက် ကျရောက်စဉ် ဘင်္ဂလားနယ်မှခေါ်လာသည့် ဘင်္ဂါလီများ မြန်မာနိုင်ငံ  ရခိုင်ဒေသသို့ ရောက်ရှိပြီး မပြန်တော့ခြင်းမှ ဒေသခံများနှင့် ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတို့သည် မြန်မာနိုင်ငံ ဓလေ့ထုံးစံများကို လိုက်နာခြင်းမရှိသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ ၎င်းဘင်္ဂါလီများအနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနှင့်အညီ စစ်ဆေးမှုကို ခံယူခြင်း၊ ဥပဒေနှင့်  ညီညွတ်သူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်း၊ ဥပဒေနှင့် မကိုက်ညီသည်များကိုလည်း UNHCR ၏ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်မှု များအား အကောင်းဆုံး ကူညီလုပ်ဆောင်ပေး မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်း ပြောကြားသည်။ 

No comments:

Post a Comment