Friday, October 28, 2016

(Door to Door) မဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းဆိုင်ရာ သင်တန်း ဖရူဆိုမြို့၌ ဖွင့်လှစ်


ဖရူဆို အောက်တိုဘာ ၂၈
ကယားပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဖရူဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) (Door to Door) မဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီက ဖရူဆိုမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။



ရှေးဦးစွာ ကယားပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်အရာရှိ ဦးကျော်ဆန်းဝင်းက ဖရူဆိုမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကောက်ယူခြင်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ စာရင်းကောက်ခံ သွားမည်ဖြစ်ရာ ကိုယ်တိုင်ကိုယ်ကျစာရင်း ကောက်ယူသွားကြရမည့် မြို့နယ်/ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ တွေ့ရှိရမည့် အခက်အခဲများအား ဤသင်တန်းတွင် ထင်သာမြင်သာအောင် မေးမြန်း၍ နားလည်သဘောပေါက်စေခြင်းငှာ အရေးကြီးပါကြောင်း စသဖြင့် ပြောကြားသွားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးညီညီမင်းက (Door to Door) မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်း ပြောကြားသွားသည်။ ထို့နောက် တက်ရောက်လာသူ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးကျော်ဆန်းဝင်းက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ယင်းအခမ်းအနားသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိနှင့်ခရိုင်အရာရှိ၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဦးကျော်(ဖရူဆို)

No comments:

Post a Comment