Friday, October 28, 2016

(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း


  ဘားအံ အောက်တိုဘာ ၂၈
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ မထားဘဲ သံဃာကိုသာ ရည်မှန်းလှူဒါန်းရသည့် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပရာ မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် မပါမဖြစ်သောအရာဖြစ်သည့် ပဒေသာပင် လှည့်လည်ခြင်းကို အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်က လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေများ ချိတ်ဆွဲ ထားသည့်  ပဒေသာပင် ( ၆၄ ) ပင်အား ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှစ၍ မြို့အတွင်း မော်တော်ယာဉ်များဖြင့်
လှည့်လည်၍ စုပေါင်း မဟာဘုံကထိန် ကျင်းပမည့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ ပို့ဆောင်ကြသည်။

ထို့နောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန် တွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပရာ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒိယ ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြညိုကြသည်။



ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ကထိန်လျာ ဉတ်သင်္ကန်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်  လှူဒါန်းခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်နှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် များက ပဒေသာပင် ၆၄ ပင်၊ ငွေသားတန်ဖိုး ၁၃၈၇၉၁၁၀၀ ကျပ်၊ ပစ္စည်းတန်ဖိုး ၉၂၈၇၄၇၀ ကျပ်၊ စုစုပေါင်းတန်ဖိုး ၂၃၁၆၆၅၇၀ ကျပ် ကိုလှူဒါန်းခဲ့ကြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ဘားအံမြို့ပေါ်ဘုန်းတော်ကြီးကျောင်း များသို့ ကပ်လှူသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment