Thursday, October 20, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col.Gen.Oleg L. Salyukov တို့ တပ်မတော်နှစ်ရပ် ဆက်ဆံရေးနှင့် သင်တန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရန် ကိစ္စရပ်များဆွေးနွေး


နေပြည်တော် အောက်တိုဘာ ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား အောက်တိုဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် (၉) နာရီတွင် ကရင်မလင် နန်းတော်ရှိ Alexandrovskiy ဥယျာဉ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col.Gen.Oleg L. Salyukov က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။


ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အညတရ စစ်သည် ဗိမာန်၌ ပန်းခွေချ အလေးပြုသည်။

ဆက်လက်၍ ကရင်မလင်နန်းတော်သို့ သွားရောက်၍ ၁၅ ရာစုတွင် တည်ဆောက် ခဲ့သော Vladimir ခန်းမ၊ ၁၈ ရာစုတွင် တည်ဆောက်ခဲ့သော Alexander ခန်းမ၊ ကက်သရင်းခန်းမနှင့် ရုရှားနိုင်ငံ သမိုင်းကြောင်း တစ်လျှောက် စစ်သူရဲကောင်းများ၏ အမည်ကို ရေးထွင်းထားသော St.George ခန်းမ၊ ၁၉ ရာစုတွင် တည်ဆောက်ခဲ့ပြီး ယနေ့အချိန်ထိ ရုရှားနိုင်ငံ၏ သမ္မတများ ကျမ်းသစ္စာကျိန်ဆိုသည့် St.Andrew ခန်းမ များကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ကာကွယ် ရေးဝန်ကြီးဌာန၌ ရုရှား ဖက်ဒရေးရှင်း နိုင်ငံကြည်းတပ်ဦးစီးချုပ် Col.Gen.Oleg L. Salyukov နှင့် တွေ့ဆုံ၍ တပ်မတော် နှစ်ရပ် ဆက်ဆံရေးနှင့် သင်တန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံကြည်း တပ်ဦးစီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်းခင်းဧည့်ခံ သည်။

မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် Federal Service for Military Technical Cooperation (FSMTC) ၌ ဒါရိုက်တာ Mr.Alexander Fomin နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် လျာထားသည့် စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် “Russian Federation Armed Forces Combined Arms Academy” သို့ရောက်ရှိပြီး Army Military Scientific Center ၌ နိုင်ငံခြားသား စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ရေး ဌာနတွင် လေ့ကျင့်သင်ကြား ပေးနေမှုများကို ကြည့်ရှုလေ့လာသည်။


ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် JSC “Kamaz” သို့ ရောက်ရှိပြီး ကုမ္ပဏီမှ ထုတ်လုပ်သော မော်တော်ယာဉ်ဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment