Thursday, October 27, 2016

အခြေခံပညာအထက်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ ကျင်းပ


မော်လိုက်  အောက်တိုဘာ ၂၇ 
အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်း အနားကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန် မော်လိုက်ခရိုင် မော်လိုက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ စုံညီခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မော်လိုက်ခရိုင် ပညာရေးမှူးကြီး ဦးသန်းအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် “အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် မော်လိုက်ခရိုင်အတွင်းရှိ အထက်တန်းပြ ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ အရည်သွေးမြှင့်မားလာစေရန်၊ ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကောင်းမွန်မြင့်မားစေရန်၊ အရည်အသွေး ပြည့်ဝပြီး ထူးချွန် ထက်မြက်သော မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးရန် စသည့် ရည်ရွယ်ချက်(၃)ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည့်အတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများအနေဖြင့် အလုပ်ရုံဆွေးနွေးမှ ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် စိတ်ပါဝင်စားစွာ ဆွေးနွေးသွားကြရန်နှင့် မိမိကျောင်းများသို့ ပြန်ရောက်သည့်အခါ အဆိုပါရလဒ်ကောင်းများဖြင့် မိမိဘာသာရပ်ဆိုင်ရာ သင်ကြားရေးပိုင်း၌ အရည်အသွေးများ ပိုမိုမြင့်မားရေး၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်ကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရန် ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး အလုပ်ရုံ ဆွေးပွဲ သင်တန်းမှူး ခရိုင်ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး (ပညာ) ဦးဝင်းရွှေမှ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့မှ ဆရာ၊ ဆရာမ (၁၇၁)ဦး တက်ရောက်ခဲ့ပြီး၊ ဘာသာရပ်(၉)ခုကို (၅)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မော်လိုက် (ပြန်/ဆက်)

No comments:

Post a Comment