Wednesday, October 26, 2016

တိုင်းဒေသကြီး ၀န်ကြီးချုပ် ရှမ်းရေကျော်ကျေးရွာ အထက(ခွဲ) သွားရောက် ၊စာသင်ကျောင်းနှင့် သုသာန်မြေ နယ်နိမိတ် ပိုင်းခြားသတ်မှတ်၊ အမိန့်ပြန် သေနတ် (၁၈) ချက် ပြစ်ဖောက်ခဲ့

မြောင်းမြ  အောက်တိုဘာ  ၂၅
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ လိုက်ပါလျှက် တိုင်းအဆင့် ဌာနဆိုင်ရာများ ၊ ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ (၂၅)ရက်နေ့၊ နေ့လည်က  မြောင်းမြမြို့နယ် ရှမ်းရေကျော် ကျေးရွာသို့ ရောက်ရှိလာရာ ရှမ်းရေကျော် အထက(ခွဲ) ကျောင်း၌ ဆရာ/ဆရာမများ ၊ ကျောင်းသားကျောင်းသူများ ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ရဲတပ်ဖွဲ့ ၊ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်ဇော်က ရှမ်းရေကျော် အထက(ခွဲ)ကျောင်း၌ လတ်တလော ဖြစ်ပေါ်နေသော ကျောင်းသူလေးများအား တစ္ဆေ၊ သရဲ ပရလောကသားများ ပူးကပ်သည်ဟုဆိုကာ ငိုယို အော်ဟစ်ခြင်း ၊ မူးဝေအော့အံခြင်းနှင့် သတိလက်လွတ် ဖြစ်ပေါ်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းပညာရေးမှူးရုံး ၊ ဒုတိုင်းပညာရေးမှူး ဆရာကြီး ဦးအန်းဘလုစ်က ကျောင်းဖြစ်စဉ်သမိုင်းနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေး အခြေအနေများ ၊ ကျောင်းဆောင်နှင့် သုသာန် နယ်နိမိတ်ကြားကို အုတ်တံတိုင်း ကာရံပေးမည့်  အခြေအနေများကို ဆွေးနွေး ပြောကြားကာ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ဝန်ကြီးချုပ်သည်စာသင်ကျောင်းနှင့် ကပ်လျှက်သုသာန်မြေသို့ သွားရောက်ကာ ကျောင်းပိုင်မြေနှင့် သုသာန်မြေ နယ်နိမိတ်ကို ပိုင်းခြား သတ်မှတ်ပေးခြင်း၊ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်များအတွက် ရည်ရွယ် အမိန့်ပြန်တမ်း ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သေနတ်(၁၈)ချက် ပစ်ဖေါက်၍ ပရလောကသားများအား အချက်ပေးနှင်ထုတ်ခြင်း ပြုလုပ်ခဲ့ရကြောင်း သိရသည်။ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ကျောင်းဆောင်များအတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းသူလေးများနှင့် ဆရာ/ဆရာမများ ကျောင်းသား မိဘများအား အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၀န်ကြီးချုပ်သည် ရှမ်းရေကျော် ကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရာက်ကြည့်ရှုပြီး လိုအပ်သော ဆရာ/ဆရာမ ရရှိခန့်ထားနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် တိုင်းအစိုးရ အဖွဲ့နှင့် ၀န်ကြီးများ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များနှင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ထွန်းမင်း၊ ဒုတိုင်းပညာရေးမှူး ဆရာကြီးဦးအန်းဘလုစ်၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညွန့်ဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ ဒေသခံ ပြည်သူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြ (ပြန်/ဆက်)

No comments:

Post a Comment