Wednesday, October 26, 2016

မြောင်းမြမြို့နယ်အတွင်း စာသင်ကျောင်းများ၌ ကျောင်းသားကျောင်းသူများ ပုံမှန် အတိုင်း ပျော်ရွှင်စွာ တက်ရောက် လျှက်ရှိ


မြောင်းမြ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ အောက်တိုဘာ (၂၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျှက်ရှိကြောင်းသိရသည်။

 ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းအရှိန်ကြောင့် မြောင်းမြမြို့နယ် အတွင်းရှိ စာသင်ကျောင်းများအား အောက်တိုဘာ (၂၄)ရက်နှင့် အောက်တိုဘာ(၂၅) ရက် (၂) ရက်ကို ယာယီ ကျောင်းပိတ် ထားရှိခဲ့ပြီး ယခုအခါ မုန်တိုင်း လွန်မြောက်သွားပြီဖြစ်သည့်အတွက် မြောင်းမြမြို့နယ်နှင့် ခရိုင် အတွင်းရှိ အိမ်မဲ ၊ ၀ါးခယ်မ မြို့နယ်များမှ စာသင်ကျောင်းများအားလုံး ပုံမှန် အတိုင်း ကျောင်းသားကျောင်းသူများ ပြန်လည် တက်ရောက်လျှက်ရှိကာ ပိတ်ရက်များ အတွက် အောက်တိုဘာ(၂၉) ရက်နှင့် နိုဝင်ဘာ (၅) ရက်၊ စနေနေ့များတွင် ပုံမှန် ကျောင်းချိန်အတိုင်း အစားထိုး ပြန်လည် တက်ရောက်ရန် ညွှန်ကြား ထားပြီး ဖြစ်ကြောင်း မြောင်းမြခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်း ပြောကြားချက်အရ သိရသည်။ အဆိုပါ မုန်တိုင်း သတိပေးချက်ကြောင့် ဧရာဝတီတိုင်းအတွင်း ပုသိမ် ၊ မြောင်းမြ ၊ လပွတ္တာ ၊ ဖျာပုံခရိုင်တို့တွင် လည်း စာသင်ကျောင်းများ ခေတ္တ ယာယီ ပိတ်ထားခဲ့ရကြောင်း သိရသည်။

အောင်မင်း (မြောင်းမြ) 

No comments:

Post a Comment