Friday, October 28, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် ဟနွိုင်းမြို့တွင်း ကြည့်ရှုလေ့လာခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


 နေပြည်တော် အောက်တိုဘာ ၂၈

ဗီယက်နမ်နိုင်ငံ၌ ရောက်ရှိနေသော  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ် အမျိုးသားခေါင်းဆောင် ဟိုချီမင်းနေအိမ်သို့ ရောက်ရှိပြီး နေအိမ်နှင့် ဟိုချီမင်း အသုံးပြုခဲ့သည့် စာကြည့်ခန်း၊ အိပ်ခန်း၊ အသုံးအဆောင်များကို ကြည့်ရှုလေ့လာကြကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။


ဟိုချီမင်းနေအိမ်ကို ၁၉၅၈ခုနှစ်က ဗီယက်နမ်တပ်မတော် အင်ဂျင်နီယာများက ပုံစံရေးဆွဲ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဟိုချီမင်းအနေဖြင့် အဆိုပါနေအိမ်တွင် စာပေ လေ့လာမှုနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် One Pillar Pogoda သို့ ရောက်ရှိပြီး  လှည့်လည် ကြည်ညိုကြသည်။

One Pillar Pogoda သည် ကျောက်သားတိုင်ပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်ပြီး  ၁၀၂၈ မှ ၁၀၅၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ဘုရင်လီထိုင်တုံးက တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြုပြင်ခဲ့ရာ ၁၉၆၀ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာသံရုံးသို့ ရောက်ရှိပြီး သံရုံး မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ် ရှေးဟောင်း တက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ၁၉၆၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဗီယက်နမ် စစ်သမိုင်းပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ဗီယက်နမ်လူမျိုးများ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ စစ်ပွဲအတွင်း အသုံးပြုခဲ့သည့် လက်နက်မျိုးစုံအား လေ့လာကြည့်ရှုကြပြီး ဗီယက်နမ်-ပြင်သစ် သမိုင်းဝင် ဒိန်ဖန်ဖူးတိုက်ပွဲ ဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဟနွိုင်းမြို့မှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာအမျိုးသား လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက် ခွာခဲ့ရာ ညနေ ၅ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။


(သတင်းစဉ်)

No comments:

Post a Comment