Saturday, October 29, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ရောက်ရှိ


နေပြည်တော် အောက်တိုဘာ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော် စစ်ဦးစီး ချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ချစ်ကြည်ရေး ခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Chang Shui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား တရုတ်ပြည်သူ့တပ်မတော် နိုင်ငံ တကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးရုံး၏ စစ်ကော်မရှင်နာမင်းကြီး Maj. Gen. Wu Xiao Yu ၊ ယူနန်စစ်ဒေသ ဒုတိယစစ်ဒေသမှူး Maj. Gen. Qu Xin Yong နှင့် တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Tibetan Village သို့ ရောက်ရှိပြီး ရွာအတွင်းနှင့် ဘုရားကျောင်းတို့အား လှည့်လည် ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ဆက်လက်၍ Naxi Village ၊ Bai Village ၊ Yi Village နှင့် Dai Village တို့အား လေ့လာကြရာ တာဝန်ရှိ သူများက တိုင်းရင်းသားများ၏ ရိုးရာအဆောက် အအုံများ၊ အနုပညာလက်ရာများကို လိုက်လံရှင်းလင်း ပြသပြီး ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Xi Shan ဒေသ Guo Lin ရွာရှိ စိုက်ပျိုးရေးခြံအား သွားရောက်လေ့လာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ဒေသစံတော်ချိန် ည ၆ နာရီခွဲ တွင် ကူမင်းမြို့ Zhongwei Hotel Ballroom ၌ ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kum က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment