Thursday, October 20, 2016

လူနေမှုဘဝနှင့် ကျန်းမာရေဆိုင်ရာအချက် အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) အဓိက အညွှန်းကိန်းရလဒ် ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့မွန်းလွဲ ၁ နာရီတွင် Royal ACE ဟိုတယ်၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) အဓိကအညွှန်းကိန်း ရလဒ်များ ထုတ်ပြန်ခြင်း အခမ်းအနား တွင် အဖွင့်အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကောက်ယူခဲ့သော လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) အဓိက အညွှန်းကိန်းရလဒ်များကို သက်ဆိုင်ရာ နှီးနွယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများအား တရားဝင် ရှင်းလင်း အသိပေး ထုတ်ပြန်ခြင်း အခမ်းအနားကို ဆောင်ရွက်နိုင်သောကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း။

ယခုရလဒ်များကို အသုံးပြုလျှင် စစ်တမ်းရဲ့ အရည်အသွေးကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါကြောင်း၊ စစ်တမ်းကို နိုင်ငံပေါင်း(၉၀) ကျော်မှာကောက်ယူခဲ့ပြီး စံချိန်စံညွှန်းတိကျသော လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များ၊ စာရင်းအင်းဆိုင်ရာ နည်းပညာများကြောင့် အရည်အသွေးပိုင်းမှာ ထင်ရှားသော စစ်တမ်းတစ်ခုဖြစ်ပါကြောင်း၊ Sample Size တွက်ချိန် မှစပြီး Data Processing and analysis အထိ အဆင့်တိုင်းတွင် Sampling error၊ non-sampling error ကို လျော့ချနိုင်အောင် စနစ်တကျဆောင်ရွက်ခဲ့တာကို တွေ့ရှိရကြောင်း၊

ယခု မြန်မာနိုင်ငံရဲ့ စစ်တမ်းကို ကောက်ကွက် (၄၄၁) ကွက်မှာ အောင်မြင်စွာ ကောက်ယူ၍ ကောက်ကွက်တစ်ခုစီမှ အိမ်ထောင်စု (၃၀) စီကို ဗဟိုမှ ရွေးချယ်ပေးပြီး ကောက်ကွက်အတွင်းရောက်ရှိချိန်မှာ အစာထိုးကောက်ယူခြင်းကို ခွင့်မပြုဘဲ တိတိကျကျ ကောက်ယူခဲ့ပါကြောင်း၊ ဆင့်ပွားသင်တန်းပေးထားခြင်းမရှိဘဲ ဗဟိုမှ တစ်လကြာ အခန်း (၃)ခန်းခွဲ၍ သင်တန်းပေးပြီး စာရင်းကောက်ကွက်မှ မထွက်ခွာမီ ကွင်းဆင်းတည်းဖြတ်သူက ကွန်ပျူတာဖြင့် ချက်ချင်းစာရင်းသွင်းခြင်း၊ တည်းဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဖြေများတစ်ခုနှင့်တစ်ခု မကိုက်ညီခဲ့လျှင် ပြန်လည် သွားရောက်မေးမြန်းစေခဲ့ပြီး ဖြည့်သွင်း ထားသော အချက်အလက်များကို အင်တာနက်မှ တစ်ဆင့်ဗဟိုသို့ ပေးပို့ခဲ့ကြောင်း။

 ဗဟိုမှလည်း အချိန်နှင့်တစ်ပြေးညီ ထပ်မံစာရင်းသွင်းပြီး ကွင်းဆင်းတည်းဖြတ်သူ ဖြည့်သွင်းခဲ့သည်များနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးအတည်ပြု၍ အတည်ပြုပြီးသားရလဒ်များ ကို ဒုတိယအကြိမ် တည်းဖြတ်ဆန်းစစ်ခဲ့ကြောင်း၊ အချက်အလက်များကို  Field Check Table ကို အသုံးပြုပြီး ဖုန်းဆက်အကြောင်းကြားခြင်း၊ Viber၊ Facebook တို့ကဲ့သို့ မီဒီယာများ အသုံးပြု၍ စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ထား သောကြောင့် ယခုစစ်တမ်းရဲ့ ရလဒ်များဟာ နိုင်ငံ၏ စီမံကိန်းများ၊ မူဝါဒများ ချမှတ်ဆောင်ရွက်ရာမှာ အားကိုး အားထားပြုနိုင်တဲ့ အရည်အသွေးကောင်းမွန်သော ရလဒ် များလို့ပြောနိုင်ကြောင်း။

ယခုထုတ်ပြန်သော အစီရင်ခံစာတွင် ပါဝင်သော မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများ၊ ကိုယ်ဝန်ဆောင်နှင့် မိခင်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အညွှန်းကိန်းများ၊ ကလေးကျန်းမာရေးနှင့် အာဟာရ အခြေအနေ၊ အမျိုးသမီးနှင့်ကလေးများတွင် ဖြစ်ပွားနေသော သွေးအားနည်းရောဂါ အခြေအနေ၊ ငှက်ဖျားရောဂါ ကုသမှု၊ HIV/AIDS နှင့် ပတ်သက်သည့် ဗဟုသုတနှင့်အပြအမူများ၊ ကလေးသူငယ်သေဆုံးမှုဆိုင်ရာ အညွှန်းကိန်း များပဲဖြစ်ပါကြောင်း၊ အညွှန်းကိန်းအများစုကို မြို့ပေါ်နှင့် ကျေးလက်ဒေသ၊ ပြည်နယ်/တိုင်း ဒေသကြီး စာတတ်မြောက်မှု အခြေအနေ၊ ကြွယ်ဝမှုအခြေအနေများအလိုက် ဖော်ပြထားပါ ကြောင်း၊

ယခုရလဒ်များသည် ပဏာမအဆင့်ဖြစ်၍ အဓိက အစီရင်ခံစာကိုတော့ ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ဖို့ စီစဉ်ထားပြီး၊ မြန်မာနိုင်ငံအနေနှင့် စစ်တမ်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သောကြောင့် ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားသည်။

ထို့နောက် USAID မှ Ms. Karen Cavanaugh, Director of the Office Public Health နှင့် 3MDG Fund  မှ Director Mr Oren Ginzburg မှ အမှာစကား ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက် စစ်တမ်း (၂၀၁၅-၂၀၁၆) အဓိကအညွှန်းကိန်း ရလဒ်များ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သတင်း အချက်အလက်)၊ ဒေါက်တာ သက်သက်မူမှ စစ်တမ်း၏ အဓိကအညွှန်းကိန်းရလဒ် အဖြေတို့ကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment