Thursday, October 20, 2016

သတင်းအချက်အလက် ရယူခြင်းနှင့် ပတ်သက်သော စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၉

ယနေ့တွေ့ဆုံပွဲသည် မဏ္ဍိုင်သုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်တို့ တွေ့ဆုံပွဲဟု ပြော၍ ရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားခဲ့သည်။


သတင်းသမား တစ်ဦးအနေဖြင့် သူများ မသိသေးသည်ကို သိအောင်လုပ်နိုင်လျှင် အောင်မြင်မှုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းသမားက သတင်းကို ရနိုင်သမျှ စုဆောင်းမည်ဖြစ်ပြီး ပြည်သူကို သတင်းပေးမည် ဖြစ်ကြောင်း၊ သတင်းသမားသည် သတင်းနှင့်ပတ်သက်၍ မည်သည့်အခါမှ မတင်းတိမ်ကြောင်း၊ မိမိတို့ အစိုးရဌာန ဆိုင်ရာများ အနေဖြင့်လည်း  အများပြည်သူကို သတင်း အချက်အလက်များ ပေးရန် တာဝန်ရှိကြောင်း၊ သတင်းသမားများအနေဖြင့် မဏ္ဍိုင်သုံးရပ်ကို ထောက်ပြဝေဖန်နိုင်ရန် မိမိတို့၏ အားနည်းချက်များကိုလည်း ဖော်ထုတ်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ မိမိတို့၏ အားသာချက်မှာ  အချက်အလက်များကို စုဆောင်းထားပြီး မိမိတို့ ပြောလိုသည့် အချက်များ၊ ပေးလိုသည့် သတင်းစကားများကို မေးမြန်းချိန်တွင် ထည့်သွင်းပြောဆိုနိုင် ခြင်းဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားသည်။

သတင်းအချက်အလက် ရယူခြင်းနှင့် ပတ်သက်သော စိန်ခေါ်မှုများ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးနှင့် ၀န်ကြီး ဌာနများမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အ တွင်းရေးမှူးများနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။


ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ရလဒ် ၂၁ ချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အချက်များမှာ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များ အနေဖြင့် ဌာနတစ်ခုလုံး၏ ဆောင် ရွက်ချက်၊ အချက်အလက်များကို သိရှိထားရန်၊ သတင်းမီဒီယာများအနေဖြင့် ပြောသည့် အတိုင်းမဟုတ်ဘဲ လိုချင်သည့်အပိုင်းကို ဖြတ်ယူပြီး သတင်းဖတ်သူ အနေဖြင့် အဓိပ္ပာယ် ကောက်လွဲနိုင်သည့် ရေးသားခြင်းမျိုး မပြုလုပ်ရန်၊ အစိုးရအဖွဲ့နှင့် မီဒီယာအကြား ယုံကြည်မှု တည်ဆောက်ရန်၊ ၀န်ကြီးဌာနများက ပြုလုပ်သည့် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ ပြည်ပ ဧည့်သည်များနှင့် တွေ့ဆုံပွဲများတွင် ခန်းမအခြေအနေ၊ လုံခြုံမှုအရ မီဒီယာသမား ကန့်သတ်မှုများကို ညှိနှိုင်း ဖြေရှင်းပေးရန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ website များတွင် မီဒီယာသမားများ မေးတတ်သည့် သတင်းမျိုးကို အချိန်နှင့် တပြေးညီ တင်ပေးထားရန်၊ တရားလွှတ်တော်ချုပ်နှင့် တရားရုံးတိုင်းတွင် တရားဝင် သတင်းထောက်များ ခန့်အပ်ပေးရေး အစည်းအဝေး တက်ရောက်လာသူမှ တစ်ဆင့် သက်ဆိုင်ရာဌာန အကြီးအကဲများသို့ ကြိုတင်တင်ပြပေးရန်၊ ပြည်သူများ သိသင့်သည့် သတင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန်၊ တရားရုံးပရ၀ုဏ် အတွင်းတွင် အမှုစွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့ကို တွေဆုံမေးမြန်းခြင်း ပြုလုပ်လိုပါက ရုံးအကြီးအကဲ၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရန်တို့ အပါအ၀င် အချက်များဖြစ်သည်။ 

No comments:

Post a Comment