Thursday, October 27, 2016

တောင်ကြီးဇုန်အဆင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ၂၀၁၆ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၂၆ ရက်ညနေ ၄ နာရီက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ကျင်းပရာ နောက်ဆုံးဗိုလ်လုပွဲအဖြစ်  တောင်ကြီးတက္ကသိုလ်အသင်းနှင့် ကျိုင်းတုံ တက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးတက္ကသိုလ်အသင်းက ၅ ဂိုး- ဂိုးမရှိဖြင့်အနိုင်ရဗိုလ်စွဲ သွားသည်။



တောင်ကြီးတက္ကသိုလ်အသင်းနှင့် ကျိုင်းတုံတက္ကသိုလ်အသင်း ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆုရရှိသည့် လားရှိုးတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်အသင်းတို့အား ငွေသားဆု ကျပ်(၁)သိန်းစီ၊ ဒုတိယဆုရရှိသည့် ကျိုင်းတုံတက္ကသိုလ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၃)သိန်းကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး အားကစားသမား ဆုရရှိသူ များကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့မှ ဆုချီးမြှင့် ပေး၍လည်းကောင်း၊ ပထမဆုရရှိသည့် တောင်ကြီးတက္ကသိုလ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၆) သိန်းကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ပြည်နယ် လူမှုရေးဝန်ကြီးတို့မှ  ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
အဆိုပါ ၂၀၁၆ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အမျိုးသား ဘောလုံး ပြိုင်ပွဲ ဆုရရှိသည့်အသင်းနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပထမဆုကို ငွေကျပ်(၄)သိန်း၊ ဒုတိယဆုငွေကျပ်(၂)သိန်း၊ တတိယဆု ငွေကျပ်(၁)သိန်း၊ အကောင်းဆုံးဆုကို ငွေကျပ်(၄)သောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment