Monday, October 24, 2016

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော်  အောက်တိုဘာ  ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇၀)မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကြားဖြတ်ရွေးကောက် ပွဲကို  ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် (၁၈)နေရာရှိသော်လည်း ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်  ကွယ်လွန်သွား၍ ၎င်းမဲဆန္ဒနယ်တွင်  ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေး သွားမည်ဖြစ်ကြောင်း၊ လစ်လပ် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း နိုင်ရေး ကြိုတင် ပြင်ဆင်နိုင်ရန် အမည်စာရင်းတင်သွင်းခြင်းနှင့် စပ်လျဉ်းသည့် အချိန်ဇယား calendar ကိုလည်း သတင်းစာများတွင် ဆောလျင်စွာ ထုတ်ပြန်ပေးပြီး ဖြစ်ကြောင်း၊ မဲစာရင်းပြည့်စုံ မှန်ကန်ရေး အတွက်လည်း လစ်လပ်မဲဆန္ဒနယ် များတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် Door to Door  စိစစ် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် မဲစာရင်း ပြည့်စုံ မှန်ကန်ရေး အတွက် မိမိတို့၏ မဲဆန္ဒရှင်များမှ ပူးပေါင်း ဆောင်ရွက်ရေးကို တိုက်တွန်း ဆောင်ရွက် ပေး စေလိုကြောင်း၊၊
မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ် လောင်းများ အနေဖြင့် နိုင်ငံရေး ပါတီများ ပူးပေါင်း ပါဝင် ရေးဆွဲခဲ့သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်များ အပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရန်အတွက် ကျင့်ဝတ်လေ့လာ စောင့်ကြည့်ရေး ကော်မတီ ကိုလည်း   ဖွဲ့စည်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို  ခွင့်ပြုသွားမည်ဖြစ်ပြီး လွတ်လပ်တရား မျှတ၍ ပွင့်လင်း မြင်သာမှုရှိသော ပြည်သူ့ဆန္ဒနှင့် အညီဖြစ်သည့် ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ် များနှင့်အညီ ယှဉ်ပြိုင် နိုင်ရေး စီမံဆောင်ရွက်သွားကြရန်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပါသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
အဆိုပါအကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မဲစာရင်း ပြုစုကြေညာခြင်း၊ ကြိုတင်မဲပေး ခြင်း၊ မဲရုံကိစ္စရပ်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်မှု အားနည်းချက်များ စသည့်ကိစ္စရပ်များအပေါ် ရှင်းလင်း ဆွေးနွေးပြီး ကော်မရှင်အနေဖြင့် တည်ဆဲ ဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေရကြောင်း၊ အတွေ့အကြုံအရ ကော်မရှင် အဖွဲ့ခွဲများ၊ မဲရုံဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များအပေါ် နားလည်မှုလွဲမှားပြီး အားနည်းချက် များရှိခဲ့ ကြောင်း၊ အောက်ခြေအထိ ညွှန်ကြား ချက်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးကို ဆောင်ရွက် သွား မည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းစဉ်ကိုလည်း ထိထိရောက်ရောက် ဆောင် ရွက် သွားမှာဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။


No comments:

Post a Comment